Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့် တင်ရေး ဦးစီးဌာနက အရှေ့အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှု အခြေအနေအပေါ် သုံးသပ်လျက်ရှိ

Last Updated:

အစ္စရေး-ဟားမတ်စ်ပဋိပက္ခ၏ ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန်နှင့် ဒုတိယမြို့တော်များတွင် ဈေးကွက်ချဲ့ထွင်ရန် အစီအစဉ်ရေးဆွဲထားရန် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနကို လမ်းညွှန်မှာကြားထားပါကြောင်း၊ ယခုနှစ် ကျန် ၃ လအတွင်း ကုန်သွယ်မှုတန်ဖိုးကို ဘတ် ၁၂.၄ ဘီလီယံထိ မြှင့်တင်ရန်အတွက် အလားအလာရှိသောဈေးကွက်များကို အားစိုက်ရှာဖွေရန် ကုန်သွယ်ရေးကိုယ်စားလှယ်များကို ညွှန်ကြားထားကြောင်း သိရှိရပါသည်။

ကနဦး သုံးသပ်ချက်အရ အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ထိုင်းနှင့်အစ္စရေးအကြား ကုန်သွယ်မှုအပေါ် သက်ရောက်မှုနည်းသည်ဟု ထုတ်ပြန်ထားသော်လည်း အခြားနိုင်ငံများနှင့် ကုန်သွယ်မှု အခြေအနေအပေါ် သက်ရောက်လာနိုင်ခြင်း ရှိ-မရှိ အနီးကပ်စောင့်ကြည့်ရန် လမ်းညွှန်ထားပါ ကြောင်း၊ ပဋိပက္ခသည် အဆုံးသတ်နိုင်သည့် အလားအလာမမြင်ရသေးသဖြင့် ကမ္ဘာလုံးဆိုင်ရာကို သက်ရောက်လာနိုင်ပါကြောင်း၊ သက်ရောက်မှုများကို ခုနှိမ်နိုင်သည့် အစီအမံများ လိုအပ်ပါကြောင်း၊ ပို့ကုန်အားလုံးအပေါ် အပျက်သဘောသက်ရောက်နိုင်သည့် မည်သည့်ပြဿနာများမဆို ချက်ချင်းဖြေရှင်းရမည်ဖြစ်ကြောင်းဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Pathumtham Wechayachai က ပြောကြားခဲ့ပါသည်။

တရုတ်၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသများတွင် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး နည်းလမ်းများရှာဖွေရန်လိုအပ်ကြောင်း၊ ထိုင်းကုန်သွယ်မှု ဖွင့်လှစ်နိုင်ရေးအတွက် စီးပွားရေးသံမှူးများမှတစ်ဆင့် ဒုတိယမြို့တော်များတွင် လေ့လာစုံစမ်းခြင်း၊ နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရေး လေ့လာသုံးသပ်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပို့ကုန်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးကုန်သွယ်မှုပြပွဲများကို စီစဉ်ရန်နှင့် ဆက်ဆံရေးတည်ဆောက်ရန်အတွက် ပြည်ပသို့သွားရောက်ရန် အမြဲအဆင့်သင့်ရှိနေပါကြောင်း၊ နိုင်ငံတော်၏ ဝင်ငွေတိုးမြင့်စေရေး မူဝါဒနှင့်ကိုက်ညီမှုရှိစွာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်အခွင့်အလမ်းများ တိုးမြှင့်နိုင်ရေးအတွက် ၎င်းတို့ကို အကူအညီများပေးရန် မှာကြားလိုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

သင်တန်းများ ဆောင်ရွက်ပေးခြင်းသည် ရလဒ်အခြေခံဖြစ်ရန်လိုကြောင်း၊ အရေအတွက်ပေါ်တွင် အဓိကမကျဘဲ အရည်အသွေးပေါ်တွင် အဓိကထားစေလိုကြောင်း၊ ပို့ကုန်အခွင့်အလမ်းတိုးမြှင့်ရန်အတွက် မည်သည့်သင်တန်းပေးရမည်ဆိုသည်ကို လေ့လာသုံးသပ်ရန်လိုကြောင်းဝန်ကြီး Mr. Pathumtham က ဖြည့်စွက်မှာကြားပါသည်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခနှင့်စပ်လျဉ်း၍ အစ္စရေးသို့ ပို့ကုန်အပေါ်သက်ရောက်မှုသည် ၀.၁ ရာခိုင်နှုန်းမှ ၁.၇ ရာခိုင်နှုန်းရှိကြောင်း၊ ယခုနှစ်တွင် ပို့ကုန်သည် ၂ ရာခိုင်နှုန်းကျုံ့နိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်တိုးတက်မှုသည် ၃.၆ ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း The University of Thai Chamber of Commerce (UTCC) က ခန့်မှန်းထုတ်ပြန်ထားပါသည်။

 

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand