Korea

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တောင်ကိုရီးယားနိုင်ငံမှ ချစ်ပ်ပြားနှင့်ကားများ တင်ပို့မှု မြင့်မားလာသဖြင့် ပို့ကုန်တင်ပို့မှု ၂.၂ ရာခိုင်နှုန်းမြင့်မားလာ

Last Updated:

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပထမရက် (၂၀) အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလက တင်ပို့မှုထက် ၂.၂ ရာခိုင်နှုန်း မြင့်မားလာခဲ့ပါသည်။ ချစ်ပ်ပြားနှင့်ကားများကို ပြည်ပမှ ဝယ်လိုအားမြင့်မားခဲ့သဖြင့် ပို့ကုန်တင်ပို့မှုပမာဏ မြင့်မားခဲ့သည်ဟု ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနမှ ၂၁-၁၁-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိကာလအတွင်း စုစုပေါင်းပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃.၇၉ ဘီလီယံရရှိခဲ့ရာ ယခင်နှစ်အလားတူကာလ တင်ပို့မှုဝင်ငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၃၃.၀၇ ဘီလီယံထက် ပိုမိုခဲ့သည်ဟု ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနမှ ထုတ်ပြန်ထားပါသည်။ ယင်းကာလအတွင်း တစ်ရက်တာတင်ပို့မှု ဝင်ငွေသည်လည်း ယခင်နှစ်အလား တူကာလက တစ်ရက်တာတင်ပို့မှုဝင်ငွေထက် ၂.၂ ရာခိုင်နှုန်း မြင့်မားလာပြီး အမေရိကန်ဒေါ်လာ ၂.၁၈ ဘီလီယံရရှိခဲ့သည်ဟု ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနက ထုတ်ပြန်ထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ လအလိုက်ပို့ကုန်တင်ပို့မှုဝင်ငွေသည် ယခင်နှစ်အလားတူကာလက တင်ပို့မှုဝင်ငွေထက်လျော့နည်းနေခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် ၁၃ လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယခင်နှစ် အလားတူကာလကဝင်ငွေထက် ၅.၁ ရာခိုင်နှုန်း မြင့်မားလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံရရှိခဲ့သည်ဟု ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနမှ ထုတ်ပြန်ထားပါသည်။ ကမ္ဘာ့ဈေးကွက်သို့ ချစ်ပ်ပြားနှင့် ကားများတင်ပို့မှု မြင့်မားခဲ့သည့်အတွက် စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ မြင့်မားခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိကာလအတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလကထက် မြင့်မားခဲ့သော်လည်း သွင်းကုန်တင်သွင်းမှုတွင် ၆.၂ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅.၂၁ ဘီလီယံဖိုး ဝယ်ယူတင်သွင်းခဲ့ရပါသည်။ သို့သော် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လပထမရက် (၂၀) အထိကာလအတွင်း သွင်းကုန်တင်သွင်းမှုက ပို့ကုန်တင်သွင်းမှုထက် မြင့်မားနေသဖြင့် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ကုန်သွယ်မှုလိုငွေပြခဲ့ပါသည်။

ချစ်ပြားတင်ပို့မှုသည် နိုင်ငံစုစုပေါင်း ကုန်စည်များတင်ပို့မှု၏ ၁၆ ရာခိုင်နှုန်း ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပထမရက် (၂၀) အထိကာလအတွင်း ချစ်ပ်ပြားတင်ပို့မှုသည် ယခင်နှစ် အလားတူကာလကတင်ပို့မှုထက် ၂.၄ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၅.၄၁ ဘီလီယံ ရရှိခဲ့ပါသည်။ ကားတင်ပို့မှုသည်လည်း  ယခင်နှစ် အလားတူကာလက တင်ပို့မှုထက် ၂၀.၁ ရာခိုင်နှုန်းမြင့်မားခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၃.၇၆ ဘီလီယံရရှိခဲ့ပါသည်။  ချစ်ပ်ပြားနှင့် ကားများအပြင် ရေနံထွက်ပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်းများ တင်ပို့မှုလည်း မြင့်မားခဲ့ပါသည်။ သို့သော် စတီးလ်နှင့် ကားအစိတ်အပိုင်းများ တင်ပို့မှုသည် ယခင်နှစ်အလားတူကာလက တင်ပို့မှုထက် လျော့နည်းသွားခဲ့ပါသည်။

 

 

Source: The Korea Times

(ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea