China (HongKong)

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်း ၂.၉ ရာခိုင်နှုန်းတွင် ဆက်လက်ရပ်တည်

Last Updated:

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းသည် စက်တင်ဘာလမှ နိုဝင်ဘာလ သုံးလပတ်ကာလတွင် ရှိခဲ့သည့်အတိုင်း ၂.၉ ရာခိုင်နှုန်း၌  ဆက်လက်ရပ်တည်နေကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် Hong Kong Buisness သတင်းဌာနမှ “Jobless rate unchanged at ၂.၉ %” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါသည်။

အောက်တိုဘာလမှ ဒီဇင်ဘာလ သုံးလပတ်ကာလအတွင်း အလုပ်လက်မဲ့ဦးရေ ၁၀၅,၇၀၀ ဦးရှိခဲ့ရာ ပြီးခဲ့သည့် သုံးလပတ်ကာလထက် ၆,၇၀၀ ဦးခန့် ကျဆင်းခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

အဓိကစီးပွားရေး လုပ်ငန်းကဏ္ဍများတွင် အလုပ်လက်မဲ့ဦးရေ အနည်းငယ်ကျဆင်းကြောင်း၊ ရရာအလုပ်လုပ်ကိုင်သူ အရေအတွက်မှာလည်း ၃၇,၀၀၀ ဖြင့် စုစုပေါင်းလုပ်သားဦးရေ၏ ၁ ရာခိုင်နှုန်း ရှိနေကြောင်းနှင့် ထိုသို့ရရာအလုပ်လုပ်ကိုင်မှုမှာ လုပ်ငန်းကဏ္ဍအလိုက် ကွဲပြားသော်လည်း အတက်အကျ သိသိသာသာမရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ရှေ့ဆက်၍ ဟောင်ကောင်ဒေသ၏ လုပ်သားဈေးကွက်အနေဖြင့် အကြပ်အတည်းနှင့် ဆက်လက် ရင်ဆိုင်နေရဦးမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ဒေသများတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဒေသ၏လုပ်သားဈေးကွက်အပေါ် ဆိုးကျိုးများသက်ရောက်လာနိုင်သော်လည်း ခရီးသွားလာရောက်မှုနှင့် တစ်ဦးချင်းသုံးစွဲမှုတို့မှာ လုပ်သားလိုအပ်ချက် ဖြစ်ပေါ်လာစေမှုကို အထောက်အကူပြုမည်ဟု ဟောင်ကောင်ဒေသ လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာဝန်ကြီး Chris Sun က ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)