China (HongKong)

၁၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ်ကျဆင်းခဲ့သည့် ဟောင်ကောင်အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ၂၀၂၄ တွင် ပြန်လည်ဦးမော့လာမည်

Last Updated:

၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်း ဖြစ်ပွားခဲ့ချိန်မှစ၍  အနိမ့်ဆုံးအဖြစ် ၂၀၂၃ ခုနှစ်အတွင်း ၂၈ ရာခိုင်နှုန်း (ဟောင်ကောင်ဒေါ်လာ ၃၇ ဘီလီယံ) ဖြင့် ကျဆင်းခဲ့ ဟောင်ကောင်ဒေသ အဆောက်အဦးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၄ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ ၅၀ ဘီလီယံအထိ တိုးတက်လာမည်ဟု အဆောက်အဦးဆိုင်ရာ အတိုင်ပင်ခံ Colliers ကပြောကြားခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၈ ရက်နေ့တွင် South China Morning Post သတင်းဌာနမှ “Investment in Hong Kong property set for turnaround in 2024 after hitting 15-year low last year, Colliers says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ထိုကဲ့သို့ တိုးတက်လာရန်အတွက် ဒေသအစိုးရမှ အတိုးနှုန်းလျှော့ချသွားမည့် မျှော်မှန်းချက်နှင့် ဟောင်ကောင်ဒေသအား စီးပွားရေးလုပ်ငန်းများ၏ ရုံးချုပ်များတည်ထောင်ရာနှင့် new capital အတွက် ဗဟိုဌာနတစ်ခုအဖြစ် တိုးမြှင့်ဆောင်ရွက်မှုတို့မှ အထောက်အကူပြုမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်ဗဟိုဘဏ်မှ လာမည့် ၆ လမှ ၉ လအတွင်း အတိုးနှုန်း တည်ငြိမ်ရေး လုပ်ဆောင်သွားမည့် မျှော်မှန်းချက်နှင့်အတူ ဟောင်ကောင်ဒေသအစိုးရ၏ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များဖြစ်သည့် ‘Headquarters Economy’ နှင့် Capital Investment Entrant Scheme [CIES] တို့ကြောင့် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာဖွယ်ရှိသကဲ့သို့ ဟောင်ကောင်ဒေသအား ရင်းနှီးမြှုပ်နှံရာဒေသတစ်ခုအဖြစ် ပြန်လည်ဖန်တီးထူထောင်သွားမည်ဟု Colliers Hong Kong မှ အရင်းအနှီးဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှု၏ Co-head ဖြစ်သူ Thomas Chak ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်ဒေါ်လာနှင့် ဟောင်ကောင်ဒေါ်လာတို့ ဆက်လက်ချိတ်ဆက်ထားနိုင်ရန် အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုနှင့်အတူ ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ လိုက်ပါမြှင့်တင်ခဲ့သည့် ဟောင်ကောင်ဒေသ အတိုးနှုန်းသည် ၅.၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိပါသည်။ ထိုကဲ့သို့ ၂၂ နှစ်အတွင်း အမြင့်ဆုံးအဖြစ် အတိုးနှုန်းမြင့်တက်မှုကြောင့် အဆောက်အဦးအရောင်းအဝယ် ၆၅ ခုခန့်သာပြုလုပ်နိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စတုတ္ထသုံးလပတ်အတွင်း တန်ဖိုးမြင့် ရုံးခန်းများ ရောင်းဝယ်မှုများကြောင့် ၂၀၂၃ ခုနှစ် ရုံးခန်းအဆောက်အဦးပိုင်း၌ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅၇ ရာခိုင်နှုန်း ရှိကြောင်း၊ ရုံးခန်းငယ်များ ရောင်းဝယ်မှုတန်ဖိုးမှာ ယခင်သုံးလပတ် ကာလထက် ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အခြားတစ်ဘက်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမှုကြောင့် လက်လီရောင်းဝယ်မှု၌ အပြုသဘောဆောင်သည့် အခြေအနေနှင့်အတူ ကျွမ်းကျင်သူများနှင့် တရုတ်ပြည်မမှ ကျောင်းသားများ လာရောက်မှုကြောင့်  Accommodation assets ရောင်းဝယ်မှုမှာ ဆက်လက်အကျိုးဖြစ်ထွန်းနေပြီး အရင်းအနှီးတန်ဖိုး ၅-၈ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)