USA

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အားပေးသည့် ချပ်ပြား (Chip) စီမံကိန်း ထုတ်လုပ်မှုနှောင့်နှေး

Last Updated:

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အားပေးဖော်ဆောင်နေသည့် Chip ထုတ်လုပ်မှုစီမံကိန်း တစ်ခုသည် လုပ်ငန်းနှောင့်နှေးမှုနှင့် ကြုံတွေ့နေရကြောင်း Wall Street Journal အွန်လိုင်း သတင်းတွင် ၁၈-၁-၂၀၂၄ ရက်နေ့၌ “One of Biden’s Favorite Chip Projects Is Facing New Delays” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

ထိုင်ဝမ် Chip ကုမ္ပဏီတစ်ခုဖြစ်သည့် Taiwan Semiconductor Manufacturing Co., Ltd. (TSMC) က အရီဇိုးနားပြည်နယ်တွင် တည်ဆောာက်လျက်ရှိသည့် တစ်ပိုင်းလျှပ်ကူး (Semiconductor) ထုတ်လုပ်သည့် စက်ရုံနှစ်ရုံအနက် ဒုတိယစက်ရုံ၏ ထုတ်လုပ်မှုအချိန် ကာလသည် နှောင့်နှေးနိုင်ကြောင်း၊ TSMC သည် ကမ္ဘာ့ Chip ထုတ်လုပ်မှု အများဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး Apple နှင့် Nvidia တို့မှာ ၎င်း၏ဖောက်သည် များဖြစ်ကြကြောင်း၊ TSMC သည် ပို၍နည်းပညာမြင့်မားသည့် Chip ထုတ်လုပ်ရန် မသေချာသေးကြောင်း၊ အရီဇိုးနားပြည်နယ်တွင် တည်ဆောက်နေသည့်စီမံကိန်းတွင် ကျွမ်းကျင် လုပ်သားရှားပါးမှုအပြင် အမေရိကန်အစိုးရဖက်မှ စိုက်ထုတ်ငွေထည့်ဝင်မှုနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများ ရှိသည်ဟု TSMC ၏ ဥက္ကဋ္ဌ Mr. Mark Liu က ပြောကြားခဲ့ပါကြောင်း၊ TSMC သည် ပထမစက်ရုံစီမံကိန်း၏ Chip ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် စတင်ရန်လျာထားခဲ့သော်လည်း ၂၀၂၅ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ဒုတိယစက်ရုံသည် 3-Nanometer Chip စတင်ထုတ်လုပ်ရန် ၂၀၂၆ ခုနှစ်တွင် လျာထားခဲ့ သော်လည်း ဥက္ကဋ္ဌ Mr. Mark Liu က အဆိုပါအချိန် သတ်မှတ်ချက်ကို ၂၀၂၇ ခုနှစ် (သို့မဟုတ်) ၂၀၂၈ ခုနှစ် သို့ပြောင်းလဲ သတ်မှတ်ခဲ့ပါကြောင်း၊ ဒုတိယစက်ရုံမှ ထုတ်လုပ်မည့် Chip အမျိုးအစားကိုမသတ်မှတ် ရသေးဘဲ ဝယ်သူနှင့်အစိုးရ၏မက်လုံး ပေးမှုအပေါ် မူတည်၍ 3-Nanometer Chip ထုတ်လုပ်မှု အခြေအနေကို ဆုံးဖြတ်သွားမည်ဖြစ်ပါကြောင်း၊ 3-Nanometer အဆင့်သတ်မှတ်ထားသည့် Chip များကို ယနေ့ခေတ်တွင် နည်းပညာအဆင့်အမြင့်ဆုံး Chip အဖြစ် သတ်မှတ်ထားပါကြောင်း၊ အရီဇိုးနား ပြည်နယ်ရှိ စက်ရုံစီမံကိန်းသည် ယခင်ဆယ်စုနှစ်အတွင်း စက်ရုံများ အာရှသို့ ရွှေ့ပြောင်းခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံအား Chip ထုတ်လုပ်မှုဗဟိုဌာနတစ်ခု ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ချက်ဖြစ်သဖြင့် သမ္မတဂျိုးဘိုင်ဒင်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အဆိုပါစက်ရုံ တည်ဆောက်မှုသို့ သွားရောက်လည်ပတ်ခဲ့ပါကြောင်း၊ TSMC နှင့် သမ္မတဂျိုးဘိုင်ဒင် အစိုးရတို့အကြား အထောက်အပံ့နှင့် အခွန်အကျိုးခံစားခွင့်တို့နှင့်ပတ်သက်၍ ဆွေးနွေးလျက် ရှိသည်ဟု ဥက္ကဋ္ဌ Mr. Mark Liu ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ပြည်တွင်း Chip ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ထောက်ပံ့ငွေ အနည်းငယ်ကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ TSMC အနေဖြင့် အမေရိကန်-တရုတ်ဆက်ဆံရေး တင်းမာမှုများကြောင့် ၎င်း၏ထုတ်လုပ်မှု လုပ်ငန်းများကို ထိုင်ဝမ်တွင် စူးစိုက်ထုတ်လုပ်ခြင်းအစား ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံ တို့တွင် ပြောင်းလဲထုတ်လုပ် သွားမည်ဖြစ်ကြောင်း၊ TSMC သည် အရီဇိုးနားပြည်နယ်ရှိ ၎င်း၏စက်ရုံ တည်ဆောက်မှု အရှိန်အဟုန် တိုးမြှင့်ရန်အတွက် ထိုင်ဝမ်မှ ဆောက်လုပ်ရေးအလုပ်သမားများ ခေါ်ဆောင်လာခဲ့ပြီးနောက် အရီဇိုးနား အဆောက်အဦနှင့် ဆောက်လုပ်ရေးကောင်စီက ထိုင်ဝမ် အလုပ်သမားများကို ဗီဇာထုတ်ပေးမှု ကန့်သတ်ရန် လွှတ်တော်သို့တောင်းဆိုပြီး ထို့နောက်ပိုင်းတွင် နှစ်ဖက် အဖွဲ့များအကြား သဘောတူညီမှု တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ TSMC သည် ယခုနှစ်အတွင်း Memory Chip ထုတ်လုပ်မှုမပါဝင်ဘဲ Semiconductor ထုတ်လုပ်မှုကို (၁၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်သွားရန် မျှော်မှန်းထားပြီး Artificial Intelligence (AI) ထုတ်လုပ်မှုသည် TSMC တိုးတက်မှုအတွက် မောင်းနှင်အား တစ်ခုဖြစ်ကာ လာမည့်နှစ်အနည်းငယ်အတွင်း AI ထုတ်လုပ်မှုမှ ဆက်စပ်ဝင်ငွေသည် TSMC စုစုပေါင်းဝင်ငွေ၏ ငါးပုံတစ်ပုံအထိရှိလာရန်ခန့်မှန်း ထားကြောာင်းဖော်ပြထားသည်ကို သိရှိရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA