China(Nanning)

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် (၁၀) နှစ်တာကာလအတွင်း တရုတ်နှင့် ဘရူနိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုကို မြင့်တက်စေခဲ့

Last Updated:

ပုစွန်၊ ဖရဲသီးနှင့် ရေထွက်ကုန်များ တင်ဆောင်ထားသည့် ကွန်တိန်နာသင်္ဘောတစ်စီး သည် ဘရူနိုင်းနိုင်ငံ Muara ဆိပ်ကမ်းမှ ထွက်ခွာလာပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qinzhou ဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာလာခဲ့ကြောင်း၊ ထို့နောက် အဆိုပါပစ္စည်းများကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ရထားဖြင့် ပို့ဆောင်ရောင်းချမည်ဖြစ်ကြောင်း ရှင်းဟွာသတင်း၌ ဖော်ပြထားပါသည်။

Muara ဆိပ်ကမ်းသည် ဘရူနိုင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး တရုတ်နိုင်ငံ၊ ဘေဘူပင်လယ်ကွေ့ရှိ Qinzhou ဆိပ်ကမ်းသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဖလှယ်မှုအတွက် အချက်အချာကျသည့်ဆိပ်ကမ်းဖြစ်ကြောင်း သိရှိရပါသည်။

ယခင်က ဆိပ်ကမ်းနှစ်ခုကြား ကုန်ပစ္စည်းများကို တတိယဆိပ်ကမ်းမှတစ်ဆင့် လွှဲပြောင်းသယ်ဆောင်ရပြီး အချိန်နှစ်ပတ်မှ သုံးပတ် သို့မဟုတ် ထိုထက်ပို၍ကြာနိုင်ပါကြောင်း၊ ယခုအခါ တိုက်ရိုက်ကွန်တိန်နာသင်္ဘောလမ်းကြောင်းကြောင့် သယ်ယူပို့ဆောင်ချိန် တစ်ပတ်မျှသာကြာမြင့်သဖြင့် ကုန်ကျစရိတ်များကို (၃၀) ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း Guangxi Beibu Gulf International Port Group Co., Ltd မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နှင့် ဘရူနိုင်းတို့သည် ရှေးယခင်ကပင် ကူးလူးဆက်ဆံမှုများရှိခဲ့ပြီး ရှေးခေတ် ရေကြောင်းပိုးလမ်းမကြီးသည် နှစ်နိုင်ငံစလုံးအတွက် အဓိကကုန်သွယ်မှု လမ်းကြောင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative) ကို အကောင်အထည်ဖော်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်များ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် တရုတ်နှင့် ဘရူနိုင်းတို့ကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများတွင် တွန်းအားအသစ်များ ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

Guangxi Beibu Gulf International Port Group Co., Ltd. နှင့် Brunei's Darussalam Assets တို့သည် ၂၀၁၇ ခုနှစ်တွင် ဖက်စပ်လုပ်ငန်းတစ်ခုကို တည်ထောင်၍ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် (၁.၀၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၄ သန်းခန့်) ရှိသည့် Muara ဆိပ်ကမ်း container terminal နှင့် bulk cargo terminal ကို တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။

Muara ဆိပ်ကမ်းသည် ၂၀၂၂ ခုနှစ်တွင် ကုန်တန်ချိန် (၁.၅၅) သန်းကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခင်နှစ်ထက် (၂၀.၀၃) ရာခိုင်နှုန်း တိုးလာ၍ ၎င်း၏ လုပ်ငန်းလည်ပတ်မှု ဝင်ငွေသည် ၂၀၁၇ ခုနှစ်ထက် နှစ်ဆတိုးလာခဲ့ကြောင်း၊ ဆိပ်ကမ်းရှိ ဒေသခံဝန်ထမ်းများ အရေအတွက်သည် ၂၀၁၇ ခုနှစ်တွင် (၁၂၀) ဦးသာရှိခဲ့ရာမှ လက်ရှိတွင် (၂၆၀) ဦးသို့ တိုးလာခဲ့ပြီး လုပ်သားအင်အား ၏ (၉၆) ရာခိုင်နှုန်းကျော်မှာ ဒေသခံများဖြစ်ကြောင်း သိရှိရပါသည်။

Muara ဆိပ်ကမ်းနှင့် အနီးတစ်ဝိုက်ရှိ ဆိပ်ကမ်းများအကြားပြေးဆွဲသည့် သင်္ဘောလိုင်း အရေအတွက်သည် (၆) ခုမှ (၁၀) ခုအထိ တိုးလာကာ ပို့ကုန်သွင်းကုန်လုပ်ငန်းသည် ပိုမိုထိရောက် အဆင်ပြေလာပြီး နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးကို အရှိန်အဟုန်မြှင့်တင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နှင့်ဘရူနိုင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၃.၀၈) ဘီလီယံသို့ စံချိန်တင်မြင့်တက်ခဲ့ကြောင်း တရုတ်အကောက်ခွန်အာဏာပိုင်များက ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။

အခြေခံအဆောက်အဦများအပြင် အခြားကဏ္ဍများစွာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ တိုးလာလျက်ရှိပြီး ဘရူနိုင်းနိုင်ငံတွင် တရုတ်စီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် Pulau Muara Besar (Great Muara Island) တွင် တည်ရှိသည့် တရုတ်နှင့် ဘရူနိုင်းတို့အကြား ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသည် ဘရူနိုင်းတွင် အကြီးဆုံးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ Hengyi Petrochemical Co., Ltd. မှ ရင်းနှီးမြှုပ်နှံထားသည့် ရေနံချက်စက်ရုံနှင့် ရေနံဓာတုဗေဒလုပ်ငန်းစီမံကိန်းသည် ဘရူနိုင်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကွင်းဆက်ကို တိုးချဲ့ကာ ဒီဇယ်နှင့် ဓာတ်ဆီကဲ့သို့သော သန့်စင်ပြီးထုတ်ကုန်များ၊ benzene ကဲ့သို့သော ဓာတုပစ္စည်းများကို ထုတ်လုပ်လျက်ရှိကြောင်း၊ စီမံကိန်း၏ ပထမအဆင့်တွင် နှစ်စဉ် ရေနံစိမ်းတန်ချိန် (၈) သန်းကို ချက်လုပ်ပေးနိုင်ကြောင်း သိရှိရပါသည်။

ဘရူနိုင်းနိုင်ငံ၏ သဘာဝအရင်းအမြစ်များ ကြွယ်ဝပြီး တရုတ်နိုင်ငံသည် ကြီးမားသော စျေးကွက်နှင့် အခြေခံအဆောက်အဦး၊ စက်မှုဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားနယ်ပယ်များတွင် အတွေ့အကြုံများရှိကြောင်း၊ ထို့ကြောင့် တရုတ်နှင့် ဘရူနိုင်းတို့၏ အချင်းချင်း ပေါင်းစပ်ဖြည့်ဆည်းသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံသည် အခြားနိုင်ငံများအတွက် နမူနာဖြစ်စေကြောင်း သိရှိရပါသည်။

 

 

 

Source: https://english.news.cn/20230721/7e60032020e749ec98ed2828592f791f/ c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)