China (HongKong)

ဂျပန်နိုင်ငံ၏ ဒေသ ၁၀ ခုမှ ပင်လယ်စာသွင်းကုန်များကို ဟောင်ကောင်ဒေသ ကန့်သတ်ပိတ်ပင်သွားမည်

Last Updated:

ဖူကူရှိမာ ဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေဆိုးများကို စွန့်ပစ်မှုစတင်သည်နှင့် ဟောင်ကောင်ဒေသအနေဖြင့် ဂျပန်နိုင်ငံ၏ ဒေသ ၁၀ ခုမှ တင်ပို့သည့် ပင်လယ်ထွက်ကုန်များကို အကန့်အသတ်မရှိ ပိတ်ဆို့သွားမည်ဖြစ်ကြောင်းနှင့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ဂျပန်နိုင်ငံမှ တင်ပို့သည့် အခြားကုန်စည်များအား စစ်ဆေးသည့် ရလဒ်များကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ထုတ် South China Mornging Post သတင်းစာတွင် “HK to Ban Import of Seafood from 10 Japanese Areas” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ အဆိုပါ ရေဆိုးစွန့်ပစ်ရေး အစီအစဉ်ကို ဟောင်ကောင်ဒေသအစိုးရမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယမန်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ဟောင်ကောင်ဒေသ၏ ဂျပန်သွင်းကုန်များအပေါ် ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင်သွားမည့် ကိစ္စရပ်အတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ဟောင်ကောင်ဒေသဆိုင်ရာ ဂျပန်ကောင်စစ် ဝန်ချုပ်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က “ရာသီဥတုကောင်းမွန်ပါက ရေဆိုးစွန့်ပစ်မှုကို ဩဂုတ်လ ၂၄ ရက်နေ့တွင် စတင်မည်ဖြစ်သည်” ဟု ပြောကြားခဲ့ပြီးနောက် ဟောင်ကောင်ဒေသ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီး Tse Chin-wan က “ရေဆိုးစွန့်ပစ်မှုကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်နှင့်စပ်လျဉ်း၍  ဂျပန်ဘက်မှ တိကျသည့် ဖြေရှင်းမှုမရှိသောကြောင့် အစားအစာ အန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန်လိုအပ်သည်” ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် အိုလံပစ်ရေကူးကန် ၅၀၀ နှင့်ညီမျှသည့် ရေဆိုးတန်ချိန် ၁.၃ သန်းကို စွန့်ပစ်မည်ဖြစ်သော ကြောင့် သမုဒ္ဒရာထွက် အစားအစာလုပ်ငန်းများ အနေဖြင့် ရေရှည်တွင် ရင်ဆိုင်ရမည့် အကျိုးဆက်အတွက် ပတ်ဝန်းကျင်နိုင်ငံများမှ စိုးရိမ်ပူပန်နေကြောင်းနှင့် ဂျပန်နိုင်ငံ၏ အဆိုပါလုပ်ဆောင်ချက်သည် ၎င်းတို့၏ ပြဿနာကို အခြားသူများထံ တာဝန်မဲ့စွာ တွန်းပို့လိုက်ခြင်းဖြစ်သည်ဟု  ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူး John Lee Ka-chiu က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သန့်စင်ပြီး ရေဆိုးများစွန့်ပစ်ရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် ၆ နှစ်ကျော်လေ့လာခဲ့ပြီး၊ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ ၂ နှစ်ကြာ စိစစ်သုံးသပ်မှုများ လုပ်ဆောင်ပြီးနောက် လူသားနှင့် ပတ်ဝန်းကျင်အတွက် ထိခိုက်မှု အနည်းဆုံးဖြစ်သောကြောင့် သဘောတူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် တာဝန်မဲ့လုပ်ဆောင်ခြင်း မဟုတ်ပါကြောင်းနှင့် ရေထွက်ကုန်များ အန္တရာယ်ကင်းရှင်းမှုကို သိပ္ပံနည်းကျ အထောက်အထားပြခဲ့ပြီး ဖြစ်ပါကြောင်း ဟောင်ကောင်ဒေသဆိုင်ရာ ဂျပန်ကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် Tokyo၊ Fukushim၊ Chiba၊ Tochigi၊ Ibaraki၊ Gunma Miyagi၊ Niigata၊ Nagano နှင့် Saitama ဒေသတို့မှ တင်သွင်းလာမည့် လတ်ဆတ်သည့်၊ အေးခဲ၊ အအေးပေး၊ အခြောက်နှင့် ပြုပြင်ထားသည့် ပင်လယ်ထွက်ကုန်များ၊ ပင်လယ်ဆားနှင့် ရေညှိတို့ကို ပိတ်ပင်ကန့်သတ်သွားမည်ဖြစ်ပြီး အသေးစိတ်ကို ဩဂုတ်လ ၂၃ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှု အသေးစိတ်နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်ဟု Tse က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မပြီးလျှင် ဟောင်ကောင်ဒေသသည် ဂျပန်နိုင်ငံ ငါးလုပ်ငန်း၏ ပို့ကုန်တင်ပို့မှုအတွက် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး၊ ယမန်နှစ်တွင် ဟောင်ကောင်ဒေသ အစား အစာတင်သွင်းမှု စုစုပေါင်း၏ ၂ ရာခိုင်နှုန်းနှင့် ပင်လယ်ထွက်အစားအစာ ၆.၇၅ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံမှ တင်ပို့ရောင်းချခြင်းဖြစ်သည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ အချက်အလက်များတွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မတွင်လည်း အလားတူ ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ထားပြီးဖြစ်သကဲ့သို့ မကာအိုဒေသအနေဖြင့်လည်း ပိတ်ဆို့ကန့်သတ်သွားမည်ဖြစ်ပါသည်။ဟောင်ကောင်ဒေသ၏ ပိတ်ဆို့ကန့်သတ်သည့် ကာလနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိသကဲ့သို့ ပိတ်ဆို့ကန့်သတ်မှု၏ အကျိုးဆက်ကိုခံစားရမည့် လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုနှင့် စပ်လျဉ်း၍  တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသော်လည်း တာဝန်ရှိသူများအနေဖြင့် သွင်းကုန်တင်သွင်းရန် အခြားရင်းမြစ်များ ရှာဖွေပေးနိုင်မည့် လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်ဟု Tse က ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် ဂျပန်နိုင်ငံမှ တင်သွင်းသည့် ပင်လယ်စာ ၆.၇၅ ရာခိုင်နှုန်း တင်သွင်းသည့် ဒေသဖြစ်သောကြောင့် ဂျပန်နိုင်ငံမှ သွင်းကုန်ကို ကန့်သတ်ပိတ်ပင်ခြင်းကြောင့် ဈေးကွက်လိုအပ်ချက် ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ လက်ရှိဟောင်ကောင်ဒေသ ပင်လယ်ထွက်ကုန် ဈေးကွက်ဖြစ်ပေါ်တိုးတက်မှု အခြေအနေကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)