USA

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ နှင့် Bidenomics နှင့် စပ်လျဉ်းသည့် မိန့်ခွန်း

Last Updated:

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေနှင့်   Bidenomics တို့နှင့် စပ်လျဉ်း၍ ဝစ်စ်ကွန်ဆင်ပြည်နယ် (Wisconsin State) ၊ Milwaukeee မြို့တွင် မကြာသေးမီ ၁၅-၈-၂၀၂၃ ရက်က မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြောကြားခဲ့သည့်မိန့်ခွန်းတွင် စီးပွားရေးတိုးတက်ရန်အတွက် ဗဟိုမှချုပ်ကိုင်သည့် နည်းလမ်းမဟုတ်သော Middle out and bottom up နည်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းသည် ချမ်းသာသည့်ရင်းနှီးမြှုပ်နှံသူများနှင့် ကြီးမားသော ကော်ပိုးရေးရှင်းများအပေါ် ဦးစားပေးဆက်ဆံသည့်  စီးပွားရေးပုံစံ (Tickle-down) တစ်ခုမဟုတ်ပါကြောင်း၊ အကယ်၍ တစ်စုံတစ်ဦးအနေဖြင့် ဝင်ငွေ‌ ဒေါ်လာ(၁)ဘီလီယံရရှိလိုပြီး ၎င်းအနေဖြင့်ထိုသို့ရရှိရန် ရှာဖွေနိုင်ပါကြောင်း၊ သို့ရာတွင် ယင်းဝင်ငွေအပေါ်ကျသင့်သည့် အခွန်အခကို ယခုထက်အနည်းငယ်ပို၍ ပေးဆောင်စေလိုပါကြောင်း၊ သမ္မတတာဝန်စတင် ထမ်းဆောင်တည်းက Tickle-down စီးပွားရေးပုံစံအစား အလယ်အလတ်တန်းစား လူထုပိုကောင်းမွန်လာစေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ အလယ်အလတ်တန်းစား လူထုဘဝတိုးတက်ကောင်းမွန်မှသာ လူတန်းစားအားလုံးဘဝကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Financial Times နှင့် World Street Journal တို့မှ ၎င်း၏စီးပွားရေးပုံစံကို အားပေးသည့်အနေဖြင့် Bidenomics ဟု ခေါ်ဝေါ်ကြပါကြောင်း၊ Morgan Stanley နှင့် Goldman Sachs တို့ကလည်း ၎င်း၏ စီးပွားရေးစီမံကိန်းများမှာ ကုန်ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုများမှာ တိုးတက်လာခဲ့သည်ဟု ဖော်ပြခဲ့ပြီး အလုပ်အကိုင်ပေါင်း (၁၃.၄) မီလီယံအထိ ခန့်ထားနိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အလုပ်အကိုင်သစ်ပေါင်း (၈)သိန်းခန့်ထိ ဖန်တီးနိုင်ခဲ့ပါကြောင်း၊ အလုပ်လက်မဲ့နှုန်းကျဆင်းလာခဲ့ပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်းလည်း ကျဆင်းလာခဲ့ပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် လုပ်ခလစာနှုန်းကိုလျှော့ချပြီး အလုပ်လက်မဲ့နှုန်း ကျဆင်းမှသာ ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း သုံးပုံနှစ်ပုံခန့်ကျဆင်းခြင်းမှာ လုပ်သားများအလုပ်အကိုင်ဆုံးရှုံးခြင်းကြောင့်မဟုတ်ဘဲ လုပ်ငန်းကြီးများ၏အမြတ်ငွေများ ပြန်လည်ဝင်ရောက်လာခြင်းကြောင့်ဖြစ်ပါကြောင်း၊  ထို့ကြောင့်ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း (၃) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ယင်းပမာဏအောက် ကျဆင်းလာရန် မျှော်မှန်းပါကြောင်း၊ Bidenomics သည် အလယ်အလတ်တန်းစား လူထုဘဝတိုးတက်အောင် ဆောင်ရွက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အမေရိကန်၏ထုတ်ကုန်များကို အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ရန် အချိန်ဖြစ်ပါကြောင်း၊  အမေရိကန်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုသည် ယခင်က နိုင်ငံဂျီဒီပီ၏  (၂) ရာခိုင်နှုန်းရှိပြီး အခြားကမ္ဘာ့နိုင်ငံများ ထက်ပိုများပါကြောင်း၊ ချပ်စ် (CHIPS) နှင့် သိပ္ပံနည်းပညာအက်ဥပဒေအရ အမေရိကန်နိုင်ငံရှိ တစ်ဝက်လျှပ်ကူးပစ္စည်း (Semiconductor) ထုတ်လုပ်မှုကဏ္ဍရှိ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၂၃၁) ဘီလီယံအထိရှိခဲ့ပါကြောင်း၊  မိမိသမ္မတတာဝန်ယူသည့်အချိန်မှစ၍ စက်မှုကဏ္ဍနှင့်စက်ရုံများရှိပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ (၀.၅) ထရီလီယံအထိ ရှိခဲ့ပါကြောင်း၊ လေအားလျှပ်စစ်ထုတ်လုပ်မှုကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၃) ဘီလီယံထရှိခဲ့ပါကြောင်း၊ အသေးစားနှင့်အလတ်စား အသားနှင့် တရိစ္ဆာန် ထွက်စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများတွင်လည်း မီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထား ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အကောင်းဆုံးဈေးနှုန်းရရှိနိုင်ပြီး ကုမ္ပဏီကြီး များက ဈေးနှိမ်၍ဝယ်ယူခြင်းများကို စိတ်ပူရန်မလိုအပ်တော့ပါကြောင်း၊ ထို့အပြင် အခြေခံအဆောက် အအုံများတွင်လည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပြီး ဝစ်ကွန်ဆင်မြစ်တွင် ပြည်နယ်ချင်းဆက် တံတားအတွက် အမေရိကန်ဒေါ်လာ (၈၀) မီလီယံ၊ မစ်ရှယ်နိုင်ငံတကာလေဆိပ် အဆင့်မြှင့်တင်ရန်အတွက် အမေရိကန် ဒေါ်လာ (၂၃) မီလီယံ စသည်ဖြင့်လည်းကောင်း၊ ကျေးလက်ဒေသ နေပြည်သူများနှင့် မိသားစုစိုက်ပျိုး မြေများတွင် နေထိုင်သူများအတွက် ဈေးနှုန်းသက်သာသော အင်တာနက်အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ (၁) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားပါကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA