Korea

တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် OECD နိုင်ငံများအကြား ကျဆင်းမှုအများဆုံးဖြစ်ခဲ့သည်ဟု OECD ထုတ်ပြန်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ဇူလိုင်လအတွင်း ပို့ကုန်တင်ပို့မှုကျဆင်းခဲ့သည့် ပမာဏသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Cooperation and Development- OECD) နိုင်ငံများအကြား စတုတ္ထမြောက် ပို့ကုန်တင်ပို့မှုကျဆင်းမှုအများနိုင်ငံဖြစ်ခဲ့သည်ဟု ၂၄-၉-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် OECD ၏ စာရင်းဇယားများတွင် ဖော်ပြထားပါသည်။ OECD နိုင်ငံများအနက် နိုင်ငံ၏တစ်ဦးချင်းဝင်ငွေ (Gross National Income)  သည် အမေရိကန် ဒေါ်လာ ၃၀,၀၀၀ ကျော်ပြီး နိုင်ငံအတွင်းလူဦးရေ သန်း ၅၀ ကျော်သည့် နိုင်ငံ (၇) နိုင်ငံ (အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံနှင့် ဂျပန်နိုင်ငံအပါအဝင်)တွင် တောင်ကိုရီးယားနိုင်ငံမှ ပို့ကုန်တင်ပို့မှုကျဆင်းသည့်ပမာဏသည် အများဆုံးဖြစ်ခဲ့ သည်ဟု OECD ၏ စာရင်းဇယားများတွင်ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလကထက် ၁၅.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အဆိုပါပမာဏသည် နော်ဝေနိုင်ငံ (၅၀.၂ရာခိုင်နှုန်းကျဆင်းခဲ့)၊ အက်စတိုးနီးယားနိုင်ငံ (၁၉.၄ ရာခိုင်နှုန်းကျဆင်းခဲ့) နှင့် လစ်သူရေးနီးယားနိုင်ငံ (၁၆.၄ ရာခိုင်နှုန်းကျဆင်းခဲ့) တို့ပြီးလျှင် စတုတ္ထမြောက်ပို့ကုန်တင်ပို့မှု ကျဆင်းမှုအ များဆုံးနိုင်ငံဖြစ်ကြောင်း OECD ၏ စာရင်းဇယားများတွင်ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံမှ တင်ပို့သည့် ပို့ကုန်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဝန်းကျင်ကို ဝယ်ယူတင်သွင်းနေသည့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအားနည်းနေခြင်းကြောင့် နိုင်ငံ၏ပို့ကုန် တင်ပို့မှုသည် ၁၄ လဆက်တိုက်ကျဆင်းနေခြင်းဖြစ်ပါသည်။ ပို့ကုန်သာမက တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်တင်သွင်းမှုသည်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ၂၅.၄ ရာခိုင်နှုန်း ကျဆင်း ခဲ့ရာ အမြင့်ဆုံးရာခိုင်နှုန်းဖြစ်ခဲ့သည်ဟု  OECD ၏ စာရင်းဇယားများတွင် ဖော်ပြထားပါသည်။  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း အဓိကသွင်းကုန်များဖြစ်သည့် စွမ်းအင်(ရေနံစိမ်း၊ ဓါတ်ငွေ့နှင့် ကျောက်မီ  းသွေး) တင်သွင်းမှုသည် ယခင်နှစ်အလားတူကာလကထက် ၄၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်အတွက် သွင်းကုန်တင်သွင်းမှု ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိတွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမြင့်မားနေသည့်အတွက် ပြည်ပမှစွမ်းအင်တင်သွင်းမှုအပေါ် မှီခိုနေရသည့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအပေါ်များစွာ ထိခိုက်စေမည်ဖြစ်ပါ သည်။ ၎င်းအပြင် အတိုးနှုန်းမြင့်မားခြင်းနှင့် ဝမ်ငွေတန်ဖိုးအားနည်းနေခြင်းတို့သည်လည်း နိုင်ငံ၏ စီးပွားရေးအပေါ် ဖိအားဖြစ်စေပါသည်။ ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ဘဏ်ဖြစ်သည့် JP Morgan မှ ထုတ်ပြန်သည့် သုတေသနစာတမ်းအရ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တွင်လည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ နှင့် ၁၁၀ အကြား အမြင့်ဈေးတွင် ရှိနေဦးမည်ဖြစ်သည့်အ ပြင် ၂၀၂၆ ခုနှစ်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၅၀ အထိရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။

 

 

Source:https://www.koreaherald.com/view.php?ud=20230924000118#:~:text=Korea's%20export% 20volume% 20in%20July,has% 20not%20been%20added%20yet.

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea