USA

အမေရိကန်အလုပ်သမားများ၏ ပြဿနာမှာ ကုန်ထုတ်လုပ်မှု ပြည့်မီအောင်မထုတ်လုပ်နိုင်ခြင်းဖြစ်

Last Updated:

အမေရိကန်အလုပ်သမားများ၏ ပြဿနာ အစစ်အမှန်မှာ ကုန်ထုတ်လုပ်မှုပြည့်မီအောင် မထုတ်လုပ် နိုင်ခြင်းဖြစ်ကြောင်း ၂၀-၉-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်း၌ “American Labor’s Real Problem: It Isn’t Productive Enough” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။   

အမေရိကန်နိုင်ငံ၊ မီချီကန်ပြည်နယ်၊ Detroit မြို့ရှိ မော်တော်ကားကုမ္ပဏီ(၃)ခုဖြစ်သော Ford ၊ General Motors ၊ Chrysler မော်တော်ယာဉ်အမှတ်တံဆိပ်ပိုင် Stellantis ကုမ္ပဏီတို့မှ အလုပ်သမားများသည် အလုပ်ချိန်နှင့်လူနေမှုဘဝ မျှမှုရှိရေးအတွက် လုပ်ခလစာတိုးမြှင့်ပေးရန်အတွက် ဆန္ဒထုတ်ဖော်လျက်ရှိပြီး ဤသို့လုပ်ခလစာတိုးမြှင့်ရန်တောင်းဆိုခြင်းသည် စက်မှုလုပ်ငန်းအားလုံးအတွက် တစ်ပြေးညီ တောင်းဆိုခြင်းမှာ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် လုပ်ခလစာကို ကုန်ပစ္စည်းအရည်အသွေးနှင့် ထုတ်လုပ်မှုအရေအတွက်ပေါ်အခြေခံ၍ တွက်ချက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ခတိုးမြှင့်ရန် ဆောင်းဆိုသည့်အလုပ်သမားများမှာ အလုပ်သမားအခြေပြု စက်မှုလုပ်ငန်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများမှမဟုတ်ဘဲ နည်းပညာမြင့်မားသည့် ထုတ်ကုန်များဖြစ်သော လျှပ်စစ်မော်တော်ကားနှင့်ဘတ္ထရီ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ပစ္စည်းကိရိယာ၊ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်များနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့် စက်မှုလုပ်ငန်းများမှဖြစ်ကြောင်း၊ အမေရိကန်ကုမ္ပဏီများ၏ ဒီဇိုင်းနှင့် တီထွင်ဆန်းသစ်မှုသည် ကမ္ဘာ့စက်မှုလုပ်ငန်းများအကြား ဦးဆောင်လျက်ရှိသော်လည်း စက်ပစ္စည်းအစိတ်အပိုင်းများကို အထူးသဖြင့် အာရှနိုင်ငံများမှ ထုတ်လုပ်တင်ပို့ခြင်းဖြစ်ပါကြောင်း၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ယင်းသို့ အာရှနိုင်ငံများမှ စက်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းရမှုကိုပြောင်းလဲရန် အခွန်ကောက်ခံခြင်း၊ ထောက်ပံ့ကြေး ပေးခြင်းနှင့်အခြားအစိုးရမှကြားဝင် ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း၊ စက်မှုလုပ်ငန်းများ တိုးတက်မှုသည် အစိုးရ၏မူဝါဒကြောင့်ဟု ပြောဆိုရန်လုံလောက်မှုမရှိကြောင်း၊ အာရှနိုင်ငံများမှ စက်မှုလုပ်ငန်းများသည် အမေရိကန်စက်မှုလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်နှင့် အရည်အသွေးပိုင်းတွင် မည်သည့်အတိုင်းအတာအထိ ကောင်းမွန်မှုရှိ သည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၏ တစ်နာရီပျမ်းမျှကုန်ထုတ်လုပ်မှုသည် (၀.၂) ရာခိုင်နှုန်း ရှိခဲ့သော်လည်း ထိုင်ဝမ်သည် (၄.၀) ရာခိုင်နှုန်း၊ ဗြိတိန်သည် (၁.၇) ရာခိုင်နှုန်း၊ ဂျာမနီသည် (၁.၄) ရာခိုင်နှုန်း၊ တောင်ကိုရီးယားသည် (၁.၃) ရာခိုင်နှုန်း ၊ ပြင်သစ်နိုင်ငံသည် (၁.၂) ရာခိုင်နှုန်း၊ အီတလီနိုင်ငံသည် (၁.၁) ရာခိုင်နှုန်း အသီးသီးရှိပါကြောင်း ဖော်ပြထားပါသည်။

၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုကဏ္ဍရှိ တစ်နာရီ ပျမ်းမျှကုန်ထုတ်လုပ်မှုသည် (၃၂) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ အမေရိကန်အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်ကျဆင်းမှုသည် ယင်းအလုပ်သမားများ၏ စွမ်းဆောင်ရည်လိုအပ်ချက် တစ်ခုတည်းကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှုဆိုင်ရာဆုံးဖြတ်ချက်၊ ကုန်ထုတ်လုပ်မှုကွင်းဆက်၊ အစိုးရ၏အခြေခံအဆောက်အအုံနှင့် စည်းမျဉ်းစည်းကမ်းများတွင်လည်း မူတည်လျက်ရှိကြောင်း၊ အမေရိကန် စက်မှုလုပ်ငန်းများသည် ၎င်း၏ ပြိုင်ဖက်များဖြစ်သည့် ထိုင်ဝမ်၊ တောင်ကိုရီးယား၊ တရုတ် တို့နှင့် နှိုင်းယှဉ်ပါက စက်မှုလုပ်ငန်းသုံး စက်ရုပ်အသုံးပြုမှုနည်းကြောင်း၊ Detroit မြို့မှ မော်တော်ကား ကုမ္ပဏီ(၃)ခုဖြစ်သည့် Ford ၊ General Motors ၊ Chrysler မော်တော်ယာဉ်အမှတ်တံဆိပ်ပိုင် Stellantis ကုမ္ပဏီတို့သည် အမေရိကန်နိုင်ငံတွင် စက်ရုံတည်ဆောက်ထားခြင်းမရှိသည့် အခြားမော်တော်ကား ကုမ္ပဏီများကို ဈေးကွက်ဝေစု ဆုံးရှုူံးနေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း၊ ယင်းမော်တော်ကား ကုမ္ပဏီ(၃)ခုသည် လျှပ်စစ်မော်တော်ကား ထုတ်လုပ်ရာတွင် ထုတ်ကုန်အများဆုံးစက်ရုံနှင့် ပို့ကုန်အခြေစိုက်စခန်းတည်ရှိသည့် ရှန်ဟိုင်းတွင် မော်တော်ကားစက်ရုံတည်ဆောက်ထားသော Tesla ကုမ္ပဏီအောက်များစွာနောက်ကျကျန်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်ကုန်ထုတ်လုပ်မှုကဏ္ဍရှိ Boeing ကုမ္ပဏီ၏ ရောင်းအားအကောင်းဆုံး Boeing 737 လေယာဉ်သည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ရှိ လေယာဉ်ပျက်ကျမှုများကြောင့် ဥရောပမှ Airbus ကုမ္ပဏီကို မယှဉ်နိုင်တော့ကြောင်း၊ Boeing 737 ကြောင့် အလုပ်သမားများအနေဖြင့် ကုမ္ပဏီအပေါ် ထားရှိသည့် သစ္စာရှိမှုနှင့်ပတ်သက်သော ပြဿနာကိုရင်ဆိုင်ခဲ့ရကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများတွင် အမေရိကန်နိုင်ငံ၏ ဒီဇိုင်းသည် ကုန်ထုတ်လုပ်ငန်းများအပေါ် လွှမ်းမိုးမှုရှိနေသေးသော်လည်း အာရှနိုင်ငံများသို့သာ စက်ရုံများတစ်ဖြည်းဖြည်းရွေ့သွားခဲ့ကြောင်း၊ ချိပ်ထုတ်လုပ်မှုနှင့် ဒီဇိုင်းကဏ္ဍတွင် အမေရိကန်နိုင်ငံ၌ နောက်ဆုံးကျန်ခဲ့သည့် ကုမ္ပဏီတစ်ခုမှာ Intel ကုမ္ပဏီဖြစ်ကြောင်း၊ သို့သော် ကုန်ထုတ်လုပ်မှုစွမ်းရည်တွင် ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီကို မကျော်နိုင်ကြောင်း၊ နည်းပညာမြင့်မားသည့်ချိပ်များသည် အမေရိကန်တွင် ထုတ်လုပ်ခြင်းမဟုတ်ကြောင်း၊ အမေရိကန်သမ္မတများဖြစ်သည့် ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့ နှစ်ဦးစလုံးသည် Taiwan Semiconductor Manufacturing Company (TSMC) ကို အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၌ ၎င်း၏စက်ရုံတည်ဆောက်ရန် အထောက်အပံ့ပေးကာ ဆွဲဆောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA