Thailand

ထိုင်းနိုင်ငံ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအသင်းချုပ်က အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးရန် အစိုးရကို တောင်းဆိုထား

Last Updated:

ထိုင်းနိုင်ငံ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပို့ကုန်စွမ်းရည်တိုးမြင့်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးရန်နှင့် ယှဉ်ပြိုင်မှုနှင့် အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေတိုးမြှင့်စေမည့် ကုန်သွယ်ရေးနှင့် အမှတ်တံဆိပ်အေဂျင်စီ တည်ထောင်ပေးရန် စသည်တို့အတွက် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အသင်းချုပ်တို့တွေ့ဆုံစဉ်က  အသင်းချုပ်ဥက္ကဋ္ဌ Mr. Sangchai Theerakulvanich က အဆိုပြုတောင်းဆိုထားပါသည်။

ကုန်သွယ်ရေးနှင့် အမှတ်တံဆိပ်အေဂျင်စီသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်ကြောင်း၊ ယင်းအေဂျင်စီသည် ဈေးကွက်အချက်အလက်များစုစည်းခြင်းနှင့် ရောင်းခြင်း/ဝယ်ခြင်းနှင့် အခြေခံစီးပွားရေးတွင် အရေးပါသော အငယ်စားစိုက်ပျိုးရေးသမဝါယမ အပါအဝင် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုတို့တွင် အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းငယ်များ၏ ပို့ကုန်များတင်ပို့ရာတွင် ကြုံတွေ့ရသည့် ဘာသာစကား အခက်အခဲများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ မြှင့်တင်ခြင်းနှင့် တီထွင်ဖန်တီးသည့် စီးပွားရေးတွင် ပါဝင်နိုင်ခြင်းစသည်တို့တွင် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အေဂျင်စီသည် ရောင်းခြင်း/ဝယ်ခြင်းတို့ကို စုစည်းပေးခြင်းအပြင် ထိုင်းထုတ်ကုန်များအတွက် တံဆိပ်တီထွင်ခြင်းကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကနဦးဘဏ္ဍာငွေကို အစိုးရမှထုတ်ပေးသင့်ကြောင်း၊ အဓိကထုတ်ကုန်များကိုရွေးချယ်ပြီး ပို့ကုန်တိုးမြှင့်နိုင်မည့် ဝန်ဆောင်မှုများပေးမည့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံပိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် China Oil and Foodstuffs Corporation (Cofco) သည် ဆန်နှင့်စားသောက်ကုန်ထုတ်လုပ် ခြင်းနှင့် တင်သွင်းခြင်းတွင် ဦးဆောင်နေပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဘတ် ၁၀၁ ဘီလီယံအမြတ် ရရှိသည်ဟု အစီရင်ခံစာထုတ်ပြန်ခဲ့ပါကြောင်း Mr. Sangchai က ဖြည့်စွက်ပြောကြားပါသည်။

စီးပွားရေးတိုးတက်ရန်နှင့် ဝင်ငွေတိုးပွားရန်အတွက် ပြည်သူပိုင်အဖွဲ့အစည်းနှင့် လူမှုရေးအသင်းအဖွဲ့များတည်ထောင်ခြင်းဖြစ်ကြောင်း၊ Spa နှင့် စားသောက်ဆိုင်ကဏ္ဍရှိ လုပ်ငန်းများကို ကူညီနိုင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ Soft power ကိုမြှင့်တင်နိုင်မည့် ထိုင်းယဉ်ကျေးမှုအထည်နှင့် ဖက်ရှင်များကို ကမ္ဘာ့တစ်လွှားသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းလုပ်ငန်းရှင် ၂၂,၀၀၀ သည် တိုက်ရိုက်တင်ပို့သူများဖြစ်ကြောင်း၊  စုစုပေါင်း ပို့ကုန်တန်ဖိုး ၏ ၁၃ ရာခိုင်နှုန်းသည် ဘတ် ၁ ထရီလီယံဖြစ်ပြီး အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းမှဖြစ်ကြောင်း၊ ကိုယ်တိုင်ရေရှည်တည်တံ့နိုင်ပြီး စီးပွားရေးအရ မျှခြေရှိနိုင်ရန် ပြည်တွင်းထုတ်ကုန်များကိုလည်း အသုံးပြုရန်လိုအပ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းကုန်ကြမ်းများအသုံးပြုမှုကို မြှင့်တင်ရန်နှင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများကို ကုန်ကျစရိတ်သက်သာသော ရန်ပုံငွေအရင်းအမြစ်များ၊ နည်းပညာနှင့် တီထွင်ဖန်တီးမှုအသိပညာများ ထောက်ပံ့ပေးရန်နှင့် အရည်အသွေးမီထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါသည်။

အနာဂတ်တွင် ပို့ကုန်များအပေါ် ကာဗွန်ထုတ်လွှတ်မှုကို တွက်ချက်ရန် လိုအပ်ချက်အရ လယ်သမားများနှင့် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကာဗွန်ခရက်ဒစ် အစီအစဉ်တွင်ပါဝင်ရန် အစိုးရအနေဖြင့် တွန်းအားပေးရန်နှင့် ကာဗွန်ခရက်ဒစ်ရန်ပုံငွေကိုလည်း တည်ထောင်ပေး သင့်ကြောင်း၊ Trust Mark နှင့် Thai SELECT ကဲ့သို့သော နည်းလမ်းများသုံး၍ ထိုင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန် မြှင့်တင်ပေးသင့်ကြောင်း ဖြည့်စွက်အကြံပြုထားပါသည်။

ပြီးခဲ့သည့် နှစ်အတွင်း ထိုင်းနိုင်ငံ၏ GDP စုစုပေါင်း ဘတ် ၁၇.၄ ထရီလီယံတွင် ဘတ် ၁၁.၃ ထရီလီယံ (၆၅ ရာခိုင်နှုန်း) သည် အကြီးစားစီးပွား‌ရေးလုပ်ငန်းများနှင့် ဘတ် ၆.၁ ထရီလီယံ (၃၅ ရာခိုင်နှုန်း) သည် အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတို့မှ ပါဝင်ကြောင်း အသင်းချုပ်က ထုတ်ပြန်ထားပါသည်။

အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အချက်တစ်ခုဖြစ်သည့် ကာဗွန်ခရက်ဒစ် တွက်ချက်မှုသည်လည်း ပို့ကုန်ကဏ္ဍတွင် အရေးပါလာသည့် အချက်တစ်ခုဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

         

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand