Thailand

အစ္စရေး၌ ပဋိပက္ခဖြစ်ပွားနေသော်လည်း ထိုင်းနိုင်ငံတွင် ပြည်တွင်းကုန်စည် ဈေးနှုန်းများ တည်ငြိမ်နေဆဲဖြစ်

Last Updated:

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ပဋိပက္ခရှိနေဆဲဖြစ်သော်လည်း ကမ္ဘာ့ဆီဈေးတည်ငြိမ်နေသဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ပြည်တွင်းကုန်စည်ဈေးနှုန်းများကိုလည်း သက်ရောက်မှုမရှိသေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တင်သွင်းသည့် ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေးနှင့် တိရစ္ဆာန်အစာ ပစ္စည်းများ၏ ဈေးနှုန်းကို စောင့်ကြည့်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားပါသည်။

ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး၏ ကုန်ကျစရိတ်တွင် ဆီဈေးနှုန်းသည် အဓိကအရေးပါပါကြောင်း၊ ဆီဈေးနှုန်းသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တည်ငြိမ်နေဆဲဖြစ်ပါကြောင်း၊ ပြည်တွင်းကုန်စည် ဈေးနှုန်းများမြင့်တက်မည့် အလားအလာမတွေ့ရပါကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ဆီဈေးနှင့် အရေးပါသည့် တင်သွင်းကုန်ကြမ်းများ၏ ဈေးနှုန်းများကို စောင့်ကြည့်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် ဓာတုဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေးနှင့် တိရစ္ဆာန်အစာထုတ်လုပ်သည့် ကုန်ကြမ်းအချို့ကို ပြည်တွင်းတွင် ထုတ်လုပ်သော်လည်း အချို့ကိုအခြားနိုင်ငံများမှ တင်သွင်းပါကြောင်း ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Chakra Yodmani က ပြောကြားပါသည်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခသည် ရုရှား-ယူကရိန်း ပဋိပက္ခကဲ့သို့ ကုန်စည်ဈေးနှုန်းများအပေါ် သက်ရောက်မှုမရှိပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သီးနှံနှင့် ဓာတ်မြေဩဇာ အဓိက ထုတ်လုပ်သူများ မဟုတ်ကြပါကြောင်း၊ သက်ရောက်မှုရှိခဲ့မည်ဆိုပါက ဆီဈေးနှုန်းပေါ်တွင်သာ ဖြစ်နိုင်ကြောင်း၊ ပြည်တွင်း၌ ဓာတု ဓာတ်မြေဩဇာ တန် ၈၃၀,၀၀၀ လက်ကျန်ရှိပြီး တောင်သူလယ်သမားများ၏ လိုအပ်ချက်အတိုင်း လုံလောက်နေသေးပါကြောင်း၊ ၈ လအတွင်း တန်ချိန် ၃.၄၄ သန်း တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

လက်ရှိတွင် ဓာတုဓာတ်မြေဩဇာဈေးနှုန်းသည် တည်ငြိမ်နေပြီး ရေရှည်တွင်လည်း တည်ငြိမ်နေမည်ဟု မျှော်လင့်ရပါကြောင်း၊ ကမ္ဘာ့ဆီဈေးနှုန်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ စတင်မြင့်တက်နေပြီဖြစ်သော်လည်း ယခင်နှစ်အတိုင်း ဈေးနှုန်းနိမ့်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand