Korea

တောင်ကိုရီးယားနိုင်ငံမှ Hyundai Motor က ဆော်ဒီအာရေးဗျနိုင်ငံတွင် ကားစက်ရုံတည်ထောင်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor သည် အရှေ့အလယ်ပိုင်းဒေသရှိ ကားထုတ်လုပ်မှုကဏ္ဍတွင် ခြေကုပ်ရယူထားနိုင်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၅၀၀တန်ဖိုးရှိအလိုအလျောက် ကားထုတ်လုပ်သည့်စက်ရုံကို တည်ဆောက်သွားမည်ဖြစ်သည်ဟု  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ တွင် Hyundai Motor က ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် Hyundai Motor သည် ဆော်ဒီအာရေးဗျ နိုင်ငံတွင် Complete-Knock-Down (CKD) စက်ရုံ (မော်တော်ယာဉ်အစိတ်အပိုင်းငယ်များကို ပြည်ပမှတင်သွင်းပြီး ဆော်ဒီအာရေးဗျနိုင်ငံရှိကားစက်ရုံတွင် အစအဆုံးတပ်ဆင်ထုတ်လုပ်သည့် စက်ရုံ) ကို King Abdullah Economic City တွင်တည်ဆောက်ရန်   ဆော်ဒီအာရေးဗျနိုင်ငံ အချုပ်အခြာအာဏာပိုင် ဓနသဟာယရန်ပုံငွေ (Saudi Arabian Sovereign Wealth Fund) အဖွဲ့အစည်းဖြစ်သည့်  ပြည်သူပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (Public Investment Fund- PIF) နှင့် ဖက်စပ်စာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့ပါသည်။ ယင်းသို့လက်မှတ်ရေးထိုးခြင်းကို ဆော်ဒီအာရေးဗျ-ကိုရီးယားရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ (Saudi Arabia-Korea Investment Forum) ကျင်းပစဉ် ကာလအတွင်း သီးသန့်အစီအစဉ် ကျင်းပ၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၄ ခုနှစ်တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ကားထုတ်လုပ်မှုစတင်နိုင်ရန် ရည်မှန်းထားကြောင်း၊ တစ်နှစ်လျှင် လျှပ်စစ်ကားနှင့် လောင်စာဆီသုံး ကား အစီးရေစုစုပေါင်း ၅၀,၀၀၀ ထုတ်လုပ်နိုင်မည်မျှော်မှန်းထားကြောင်း Hyundai Motor က ထုတ်ပြန် ခဲ့ပါသည်။

Hyundai Motor နှင့် PIF တို့ ဖက်စပ်စာချုပ်တွင် PIF က ၇၀ ရာခိုင်နှုန်း၊ Hyundai Motor က ၃၀ ရာခိုင်နှုန်းဖြင့် သဘောတူလက်မှတ်ရေးထိုးထားပါသည်။ ဆော်ဒီအာရေးဗျနိုင်ငံရှိ ကားစက် ရုံကို ၎င်းနိုင်ငံနှင့်ကိုက်ညီအောင်သီးသန့်ပြင်ဆင်ဆောက်လုပ်သွားမည့်အပြင် အမျိုးအစားမတူသော ကားများထပ်မံထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ဆောက်လုပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ စက်ရုံကို အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသအတွက် ကားများထုတ်လုပ်ပေးသည့် နေရာအဖြစ် ဖန်တီးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစက်ရုံသည် အလုပ်အကိုင်ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မည့်အပြင် နည်းပညာများကိုလည်း လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊  ဆော်ဒီ အာရေး‌ဗျနိုင်ငံသည်လည်း ရေနံထုတ်လုပ်မှုအပေါ်မှီခိုမှုကိုလျှော့ချကာ အနာဂတ်အတွက် အမျိုးမျိုးသော ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအင်ဂျင်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း Hyundai Motor CEO ကပြောကြားခဲ့ပါသည်။

 

 

 

 

Source: The Korea Times (24-10-23)

( ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea