China(Nanning)

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းမှု တိုးတက်လာ

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံနှင့် ဒေသပေါင်း (၅၁) ခုကျော်မှ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းမှုအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးမြှင့်ပေးခဲ့ကြောင်း တရုတ်အကောက်ခွန်အာဏာပိုင်များက ၂၃-၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန် အမျိုးအစား (၁၄၆) မျိုးကို တင်သွင်းရောင်းချခွင့်ပြုခဲ့ခြင်းသည် တရုတ်စားသုံးသူများ၏ မတူကွဲပြားသော လိုအပ် ချက်များနှင့် ပိုမိုကောင်းမွန်သော ဘဝနေထိုင်ရေး မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာ ပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

GACC သည် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ခိုင်မာစေခဲ့ပြီး ၎င်း၏ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများနှင့် စိုက်ပျိုးရေးထွက် ကုန်များနှင့် စားသောက်ကုန်များအတွက် စျေးကွက်ရရှိရေးဆိုင်ရာ သဘောတူစာချုပ် (၈၄) ခု အပါအဝင် စုစုပေါင်း ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (၁၅၆) ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်များသည် စစ်ဆေးရေးနှင့် ပိုးမွှားကင်းရှင်းရေးအစီအမံများနှင့် ပတ်သက်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများအတွက် ပိုးမွှားစစ်ဆေးခြင်းနှင့် ဈေးကွက်ဝင်ရောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်၍ အဆိုပါကုန်ပစ္စည်းများ ကုန်သွယ်မှုအတွက် တိုးတက်မှုအသစ်များကို ဆက်လက်ဖန်တီးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20240123/68ab254d0671402eafc4b1ba78c3b8d1/c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး)

Category: China(Nanning)