China (HongKong)

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဟောင်ကောင်ဒေသ၏ ငွေကြေးဖောင်းပွမှုနှုန်း ၂.၄ ရာခိုင်နှုန်း ရှိ

Last Updated:

၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ စားသုံးသူဈေးနှုန်း မြင့်တက်မှုမှာ ယခင်နှစ် အလားတူကာလထက် ၂.၄ ရာခိုင်နှုန်း မြင့်တက်လာပြီး၊ နိုဝင်ဘာလထက် အနည်းငယ်ကျဆင်းကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့်စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

အစိုးရထောက်ပံ့မှုများကို ဖယ်ရှားတွက်ချက်သည့် အခြေခံ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ၁.၄ ရာခိုင်နှုန်းဖြင့် နိုဝင်ဘာလတွင်ရှိခဲ့သည့် နှုန်းထားထက် အနည်းငယ်ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စားသုံးသူဈေးနှုန်း အနည်းငယ်မြင့်တက်ခြင်းမှာ ဟင်းသီးဟင်းရွက်ဈေးနှုန်း ကျဆင်းခြင်းနှင့် လျှပ်စစ်မီတာခ သိသိသာသာ ကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားပါ သည်။ ယခင်နှစ်ကထက် ဈေးနှုန်းမြင့်တက်သော ကုန်စည်များမှာ အဖျော်ယမကာနှင့် ဆေးလိပ်၊ အဝတ်အထည်နှင့် ဖိနပ်၊ စားသောက်ဆိုင်များတွင် ရောင်းချသည့် အစားအစာများ၊ ဝန်ဆောင်မှုအမျိုးမျိုး၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ရာနေထိုင်မှု၊ အထွေထွေကုန်စည်များနှင့် အခြေခံကုန်စည်များ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင် လျှပ်စစ်မီတာခ၊ ဂက်စ်နှင့် ရေ၊ ကြာရှည်ခံ ကုန်စည်များဈေးနှုန်းများ သည် ယခင်နှစ်အလားတူကာလထက် ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းဖြင့် တွက်ချက်သည့် ငွေကြေးဖောင်းပွမှုမှာ အလယ်အလတ်အဆင့်ဖြစ်သကဲ့သို့၊ ၂၀၂၄ ခုနှစ်တွင်း ဒေသ၏ ငွေကြေး ဖောင်းပွမှု အခြေအနေမှာလည်း အသင့်အတင့်သာရှိနေဖွယ်ရှိသောကြောင့် ပြင်ပဈေးနှုန်းများကြောင့် ဖြစ်ပေါ်နေသည့် ဖိအားလျော့ကျလာရန် မျှော်လင့်ကြောင်း၊ ထို့ပြင် ဟောင်ကောင်ဒေသ၏ စီးပွားရေးအခြေအနေသည် ဆက်လက်ဦးမော့နေပြီဖြစ်သောကြောင့် ဒေသရှိ လုပ်ငန်းများအနေဖြင့် ကုန်ကျစရိတ် မြင့်မားမည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဟောင်ကောင်ဒေသအစိုးရမှ ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)