China (HongKong)

ဟောင်ကောင်နှင့် ခရိုအေးရှားတို့အကြား အခွန်အကောက်ဆိုင်ရာ စာချုပ်ချုပ်ဆို

Last Updated:

ဟောင်ကောင်နှင့် ခရိုအေးရှားတို့အကြား အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေး သဘောတူညီချက် (comprehensive avoidance of double taxation agreement (CDTA)) ကို ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရကိုယ်စား ငွေတိုက်နှင့် ငွေရေးကြေးရေးဝန်ဆောင်မှုဝန်ကြီး Christopher Hui ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။

အဆိုပါစာချုပ်အရ နှစ်ဖက်အကြား အခွန်ကောက်ခံပိုင်ခွင့် ခွဲဝေသတ်မှတ်ပေးထားသောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နှစ်ဖက်စီးပွားဆောင်ရွက်ချက်များအပေါ် အခွန်ပေးဆောင်ရမည့် အခြေအနေနှင့် စပ်လျဉ်း၍ ပိုမိုရှင်းလင်းလွယ်ကူလာမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ခရိုအေးရှားနိုင်ငံသည် ရပ်ဝန်းနှင့် လမ်းကြောင်းဆောင်ရွက်ချက်တွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် နှစ်ဖက်အကြား ယခုကဲ့သို့ စာချုပ်ချုပ်ဆိုနိုင်ခြင်းဖြင့် အပြန်အလှန် စီးပွားရေးနှင့် ကုန်သွယ်မှုများမြှင့်တင်နိုင်မည်ဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် သို့မဟုတ် ရင်းနှီးမြှုပ်မှုများအတွက် ဆွဲဆောင်မှုဖြစ်လာနိုင်မည်ဖြစ်ကြောင်း မစ္စတာ Hui က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်နှင့် ခရိုအေးရှားတို့အကြား ချုပ်ဆိုခဲ့သည့် သဘောတူညီချက်ကြောင့် ဟောင်ကောင်ကုမ္ပဏီများအနေဖြင့် ခရိုအေးရှား ပေးဆောင်သည့် အခွန်များအတွက် အခွန်နှစ်ထပ်စည်းကြပ်မှု သက်သာခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် သဘောတူညီချက်အရ အခြားသောအခွန်ဆိုင်ရာ သက်သာ ခွင့်အစီအစဉ်များရရှိမည်ဖြစ်ရာ ခရိုအေးရှားမှ ဟောင်ကောင်ဒေသခံများအပေါ် dividend၊ royalties နှင့် interest တို့အတွက် ကောက်ခံမည့်ပင်ရင်းမှနုတ်ယူပေးသွင်းသည့် အခွန်နှုန်းထား (withholding tax rates) ကိုအမြင့်ဆုံး ၅ ရာခိုင်နှုန်းတွင် ကန့်သတ်ထားပေးမည်ဖြစ်ပြီး၊ နိုင်ငံတကာသို့ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်းများကြောင့် ခရိုအေးရှားတွင် ရရှိသည့် အမြတ်အပေါ် အခွန်ကောက်ခံခြင်းမပြုခြင်း ကဲ့သို့သော ခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် CDTA ကွန်ရက် ချဲ့ထွင်နိုင်ရေးအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံများနှင့် ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ဟောင်ကောင်ဒေသ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အခြာဒေသတစ်ခုအနေဖြင့် ဆွဲဆောင်မှု တိုးတက်လာမည်ဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်မှုဗဟိုဌာနတစ်ခုအဖြစ် ဟောင်ကောင်ဒေသရပ်တည်မှုကိုလည်း ခိုင်မာလာစေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)