Thailand

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်စတင်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် (FTA) နှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုများကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့များတွင် ဗန်ကောက်မြို့၌ ကျင်းပသွားမည် ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် ကော်မတီခွဲ ၁၉ ခုမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဆွေးနွေးပွဲတွင် ပြဿနာရပ်တစ်ခုချင်းစီအတွက် သတင်းအချက်အလက်မျှဝေမှုကို မြှင့်တင်ရန်နှင့် ပိုမိုလေးနက်သော အပြန်အလှန်နားလည်မှုကို တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ ကော်မတီခွဲ အစည်းအဝေးများတွင် ကုန်စည်ကုန်သွယ်မှု၊ ကုန်စည်များ၏ ပင်ရင်းစည်းမျဉ်းများ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်ရေး အတားအဆီးများ၊ အပင်နှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးဆိုင်ရာ တိုင်းတာချက်များ၊ ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒီဂျစ်တယ်ကုန်သွယ်ရေးရှိ နည်းပညာအတားအဆီးများအားလုံးကို ခြုံငုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် မူပိုင်ခွင့်၊ ယှဉ်ပြိုင်မှုနှင့် အထောက်အပံ့များ၊ အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းစဉ်၊ ကုန်သွယ်ရေးနှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းများ၊ စဉ်ဆက်မပြတ်သော အစား အစာစနစ်များ၊ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး အလေ့အကျင့်များ၊ အငြင်းပွားမှု ဆိုင်ရာဖြေရှင်းမှုနှင့် ကင်းလွတ်ခွင့်များ စသည်တို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဘရပ်ဆဲလ်တွင် တွေ့ဆုံခဲ့သော ပထမအစည်းအဝေးအရ နှစ်နိုင်ငံသည် အပြုသဘောဆောင်သော ဆွေးနွေးမှုများရှိခဲ့ပြီး အဆိုပြုလွှာ (မူကြမ်း)များ လဲလှယ်ခဲ့ပါကြောင်း၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း အချင်းချင်းနားလည်ခဲ့ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ထိုင်းနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၈.၅ ဘီလီယံရှိခဲ့ပါ ကြောင်း၊ အဓိက ပို့ကုန်များမှာ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ လေအေးပေးစက်များ၊ လျှပ်စစ်ဆားကစ်စ်ပြားများ၊ ထရန်စဖော်မာများဖြစ်ပြီး သွင်းကုန်များမှာ စက်ယန္တရားများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် လေယာဉ်အစိတ်အပိုင်းများ ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ဥရောပသမဂ္ဂနှင့် ကောင်းမွန်သော ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးရှိသော်လည်း ပိုမိုလွယ်ကူချောမွေ့သော ကုန်သွယ်မှု၊ နည်းပညာဆိုင်ရာ အဆင့်မြင့် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုအကျိုးအမြတ်ရရှိစေရေး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ် ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

 (စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand