China (HongKong)

ပြပွဲလာရောက်ပြသူများကို ဟောင်ကောင်ဒေသအစိုးရမှ ထောက်ပံ့

Last Updated:

အခမ်းအနားကြီး အချို့ကိုဟောင်ကောင်ဒေသတွင် ပြန်လည်ပြုလုပ်လာပြီဖြစ်သောကြောင့် ကုန်စည်ပြပွဲနှင့် ပြပွဲလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလ အခြေအနေသို့ရောက်ရှိရန် သို့မဟုတ် ကျော်လွန်ရန် ဟောင်ကောင်ဒေသအစိုးရမှ မျှော်လင့်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Algernon Yau က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အစိုးရသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဒုတိယ ၆ လတွင် ဟောင်ကောင်ဒေသ၌  ကုန်စည်ပြပွဲ ၆၁ ခု ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါ ကုန်စည်ပြပွဲများအနက် ၅၄ ခုအတွက် ဒေသအစိုးရမှ ဟောင်ကောင်ဒေါ်လာ ၂၆၅ သန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြပွဲများတွင် လာရောက်ပြသသူ ၈၀,၀၀၀ ခန့်ရှိရာ ၃၀,၀၀၀ ခန့်မှာ ဒေသမှလုပ်ငန်းအဖွဲ့အစည်းများဖြစ်ပြီး၊ ကျန် ၅၀,၀၀၀ ခန့်မှာ ပြည်ပမှလာရောက်ပြသခဲ့ခြင်းဖြစ်ကာ ဧည့်သည် ၁.၂ သန်း ကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သို့ဖြစ်၍ ဟောင်ကောင်ဒေသတွင် ကုန်စည်ပြပွဲများ ဆက်လက်ပြုလုပ်သွားရန် အတည်ပြုပေးသွားမည်ဖြစ်သောကြောင့် ဒေသသို့ လာရောက်သူအရေ အတွက်လည်း မြင့်လာမည်ဖြစ်‌ကြောင်း၊ ဒေသ၏ mega events economy ကို အထောက်အကူဖြစ်စေရန်နှင့် နိုင်ငံတကာ မြို့တော်တစ်ခုအဖြစ် ဟောင်ကောင်ဒေသ၏ ရပ်တည်မှုခိုင်မာစေရန် ဒေသအစိုးရအနေဖြင့် ညီလာခံနှင့် ကုန်စည်ပြပွဲကြီးများ တိုးမြှင့်ကျင်းပသွားနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကုန်စည်ပြပွဲလုပ်ငန်းသည် ဟောင်ကောင်ဒေသ၏ စုစုပေါင်းဂျီဒီပီ၌ ၂.၁ ရာခိုင်နှုန်း ပါဝင်ပြီး အဆိုပါ အခမ်းအနားသို့ ပါဝင်တက်ရောက်သည့် ဧည့်သည်များ၏ ပျမ်းမျှအသုံးစရိတ်မှာ တစ်ရက်လျှင် ဟောင်ကောင်ဒေါ်လာ ၇,၂၀၀ ခန့် ရှိကြောင်းနှင့် ထိုပမာဏသည် ဟောင်ကောင်ဒေသသို့ ညအိပ်တည်းခိုနေထိုင်သည့် ဧည့်သည်များ၏ ပုံမှန်အသုံးစရိတ်ထက် ၂၃ ရာခိုင်နှုန်း ပိုများကြောင်း ယခင်ကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြထားသည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဆက်လက်၍ အဆိုပါ ဧည့်သည်များ၏ သုံးစွဲမှု လက်ရှိအခြေအနေအတိုင်းရှိနေပြီး ဟိုတယ်များ၊ လက်လီရောင်းချမှု၊ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းများကဲ့သို့ အခြားကဏ္ဍ များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဆက်လက် အထောက်အပံ့ဖြစ်သွားမည်ဟု ယုံကြည်ကြောင်းနှင့် ဟောင်ကောင်ဒေသသို့ ပုံမှန်လာရောက်သည့် ညအိပ်ဧည့်သည်များထက် အစည်းအဝေးများ၊ ညီလာခံများနှင့် ကုန်စည်ပြပွဲ သို့လာရောက်သည့် ဧည့်သည်များ၏ စီးပွားရေးအရ လွှမ်းမိုးမှုမှာ ပိုမိုကြီးမားသည်ဟု သတင်းစာရှင်းလင်းပွဲတွင် Mr Yau က ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)