ယခုနှစ်တွင် စတင်မည့် ပြန်လည်ပြင်ဆင်ထားသည့် လူဝင်မှုအစီအစဉ်အရ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားပြုလုပ်ထားသူများကို နေထိုင်ခွင့် (residency) ပေးသွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရက ပြောကြားခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်ထုတ် South China Morning Post သတင်းစာတွင် “Big investors to be targeted in revamped residency scheme” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသတွင် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍ၌ လုပ်ကိုင်နေသည့် ကုမ္ပဏီဟု တရားဝင်သတ်မှတ်ထားသည့် လုပ်ငန်းကြီးများမရှိသောကြောင့် ထိုသို့ရင်းနှီးမြှုပ်နှံမှုအရ နေထိုင်ခွင့်ပြုသွားမည့်အစီအစဉ်တွင် မည်သို့သော ကုမ္ပဏီများ ထည့်သွင်းပါဝင်မည်ကို ရှင်းရှင်းလင်းလင်းသတ်မှတ်ရန် ဥပဒေပြုအမတ်များက အစိုးရကို ဖိအားပေးနေကြောင်း ရေးသားဖော်ပြထားပါသည်။
အစိုးရအနေဖြင့် အဆိုပါနေထိုင်ခွင့် (residency) ပေးမည့် အသေးစိတ်အစီအစဉ်ကို အပြီးသတ်နေပြီဖြစ်ပြီး ဟောင်ကောင်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သို့သောပိုင်ဆိုင်မှု အမျိုးအစားကို လိုအပ်သည့်ရင်းနှီးမြှုပ်နှံ မှုစာရင်းတွင် ထည့်သွင်းရမည်ကို စဉ်းစားခဲ့ကြောင်း၊ နေထိုင်ခွင့်လျှောက်ထားသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုသတ်မှတ်ချက်ကို ပြည့်မီရမည်ဖြစ်ပြီး၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထည့်သွင်းတွက်ချက်မည်မဟုတ်ကြောင်း၊ အဆိုပါ အစီအစဉ်၏ ထိရောက်မှုကို တိုင်းတာမည့် အဓိကသတ်မှတ်ချက်များကို မသတ်မှတ်ရသေးသော်လည်း၊ အစီအစဉ်၏ ထိရောက်မှုအား ပြန်လည်သုံးသပ်ရေးအစီအစဉ်တစ်ခုကို ချမှတ်ပြီး လိုအပ်သည့်ရင်းနှီးမြှုပ်နှံသူများကို နေထိုင်ခွင့်ပြုသွားနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ငွေတိုက်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ Undersecretary ဖြစ်သူ Joseph Chan Ho-lim က ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသဘဏ္ဍာရေးဝန်ကြီး Paul Chan Mo-po ကလည်း ၂၀၁၅ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့သည့် လူဝင်မှုအစီအစဉ်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်း ဘတ်ဂျက်ဆိုင်ရာမိန့်ခွန်းပြောကြားစဉ် က ထည့်သွင်းပြောကြားခဲ့ပါ သည်။ အသစ်ပြန်လည်စတင်မည့် လူဝင်မှုအစီအစဉ်အရ လူချမ်းသာများနှင့် မိသာစုများအနေဖြင့် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်နွယ်သည့် အာမခံ သို့မဟုတ် အခြားသော ပိုင်ဆိုင်မှုများကို ဝယ်ယူခြင်းအားဖြင့် ဟောင်ကောင်ဒေသ၌ နေထိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း ပစ္စည်းဥစ္စာဝယ်ယူမှုကို ထည့်သွင်းတွက်ချက်မည်မဟုတ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍသည် ကျယ်ပြန့်သောကြောင့် အစိုးရအနေဖြင့် စံချိန်စံနှုန်း သို့မဟုတ် သတ်မှတ်ချက်ပြည့်မီသည့် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကုမ္ပဏီများ၊ အသိအမှတ်ပြုမည့် ငွေချေးစာချုပ်များ နှင့်ပတ်သက်၍ ဥပဒေပြုအမတ်များနှင့် စီးပွားရေးအသိုင်းအဝိုင်းမှ မေးခွန်းထုတ် ပြောဆိုမှုများရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။
လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုအဆင့်မှာ ယခင်နေထိုင်ခွင့်ပြုမှုအစီအစဉ်တွင် သတ်မှတ်ထားသည့် ဟောင်ကောင်ဒေါ်လာ ၁၀ မီလီယံ သတ်မှတ်ချက်ကို အဆများစွာတိုးမြှင့်သွားဖွယ်ရှိကြောင်း၊ ယွမ်ငွေဖြင့်လည်းကောင်း၊ ဟောင်ကောင်ဒေါ်လာဖြင့်လည်းကောင်း ထားရှိသည့် ပိုင်ဆိုင်မှုများလည်း အကျုံးဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့ပါသည်။ ဟောင်ကောင်ဒေသအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ ပြောင်းရွှေ့ဝင်ရောက်လာရေးအတွက် လမ်းကြောင်းပေးရန် လိုအပ်နေသောကြောင့် နေထိုင်ခွင့်ပေးသည့်အစီအစဉ်ကို ပြန်လည်စတင်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
အစိုးရအနေဖြင့် အဓိကဆန်းသစ်တီထွင်မှုနှင့် နည်းပညာကုမ္ပဏီများကို အချိန်တိုအတွင်းလျှော့ပေါ့နှုန်းထားဖြင့် မြောက်ပိုင်းမြို့သစ်စီမံကိန်းတွင် မြေယာများခွင့်ပြုပေးရေး ကဲ့သို့ ရှေ့ရေးမျှော်သည့် အတွေးအမြင်မျိုးထားရှိသင့် သည်ဟု ဥပဒေပြုအမတ်များမှ တိုက်တွန်းပြောကြားခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းကြီးတွင် အိမ်ရာပေါင်း ၁၈၆,၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး၊ တရုတ်ပြည်မနှင့် နယ်စပ်တစ်လျှောက်တွင် အဆင့်မြင့်နည်းပညာ ဗဟိုဌာန တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ဟောင်ကောင်