China(Nanning)

တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုကို တည်ငြိမ်စေရန် မူဝါဒများ ချမှတ်

Last Updated:

ပြည်ပဝယ်လိုအားမတည်ငြိမ်မှုများ၊ ကုန်သွယ်မှုဆိုင်ရာစွန့်စားမှုများနှင့် အခြားစိန်ခေါ်မှုများရှိနေခြင်းကြောင့် တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံခြားကုန်သွယ်မှုကို တည်ငြိမ်စေရန် မူဝါဒများကိုစတင်ချမှတ်ခဲ့သည်ဟု ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံခြားကုန်သွယ်မှုတည်ငြိမ်စေရေးအတွက် တရုတ်နိုင်ငံသည် အခွင့်အလမ်းများပိုမိုဖန်တီးရန်၊ အရေးကြီးကုန်စည်များ၏ ကုန်သွယ်မှုတည်ငြိမ်စေရန်နှင့် နိုင်ငံခြားကုန်သွယ်မှုဆောင်ရွက်သည့် ကုမ္ပဏီများကိုထောက်ပံ့ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။

တရုတ်အစိုးရသည် ကုန်စည်ပြပွဲများကို ပြန်လည်စတင်ခြင်း၊ APEC စီးပွားရေးဆိုင်ရာ ခရီးသွားကတ်လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ထိရောက်မြန်ဆန်စေခြင်း၊ နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲခြင်းအပါအဝင် အခွင့်အလမ်းများကို ပိုမိုဖန်တီးမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တရုတ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးကိုယ်စားလှယ် Wang Shouwen က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ပေကျင်းမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံသည် အဓိကထုတ်ကုန်များ၏ကုန်သွယ်မှုကို တည်ငြိမ်စေရန်အတွက် မော်တော်ယာဉ်ထုတ်လုပ်သူများကို နိုင်ငံတကာဈေးကွက် ရှာဖွေခြင်းနှင့် ဝန်ဆောင်မှုကွန်ယက်တည်ဆောက်ခြင်းတို့တွင် အကူအညီပေးခြင်း၊ အကြီးစားစက်ကိရိယာစီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးခြင်းကဲ့သို့သော အစီအမံအသစ်များကိုချမှတ်မည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်မှုအတွက် စီမံခန့်ခွဲမှုနည်းလမ်းများကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ပြီး ဒစ်ဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဧရိယာကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံခြားကုန်သွယ်မှုပုံစံ တိုးတက်လာစေရန် တရုတ်နိုင်ငံသည် အလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများသို့ ကုန်သွယ်မှုလုပ်ငန်းစဉ်ကို ပြောင်းရွှေ့ရန်၊ အချို့နိုင်ငံခြားထုတ်ကုန်များအတွက် ကာဗွန် ထုတ်လုပ်မှုနည်းသော စံနှုန်းများကို ရေးဆွဲသတ်မှတ်ရန်၊ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့်ဆက်စပ်သော အခွန်မူဝါဒများကို လိုက်နာဆောင်ရွက်ရေး စီးပွားရေးလုပ်ငန်းများကို လမ်းညွှန်ရန်နှင့် အကောက်ခွန်ရှင်းလင်းရာတွင် ပိုမိုထိရောက်မှုရှိစေရန် ဆောင်ရွက်မည်ဟု ဒုတိယဝန်ကြီးကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတိုင်းတွင် အကျိုးစီးပွားကာကွယ်ရေးဝါဒမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ဝယ်လိုအားကျဆင်းခြင်း အပါအဝင် အနုတ်လက္ခဏာဆောင်သော အကြောင်းရင်းများရှိနေသော်လည်း တရုတ်နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ပါ ပိုမိုခိုင်မာသော ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေသလို နိုင်ငံခြားကုန်သွယ်မှုကဏ္ဍတွင် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်လျက်ရှိသည်ဟု ကျွမ်းကျင်သူများ  ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့သောကြိုးပမ်းမှုများသည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုဆောင်ရွက်နေသော လုပ်ငန်းများ ရင်ဆိုင်နေရသည့်အခက်အခဲများနှင့် အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် အကောက်ခွန်အာဏာပိုင်များသည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ သွင်းကုန်နှင့်ပို့ကုန် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ဆိပ်ကမ်းများတွင် စီးပွားရေးဝန်းကျင်ကို အကောင်းဆုံးဖြစ်စေရေး၊ လုပ်ငန်းများ၏ ကုန်ကျစရိတ်လျှော့ချနိုင်ရေးနှင့် နိုင်ငံခြားကုန်သွယ်မှုပုံစံသစ်များ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရေးတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Wu Haiping က ပြောကြားခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံတွင် ပြီးပြည့်စုံသောလုပ်ငန်းစနစ်နှင့် ခံနိုင်ရည်ရှိသော ထောက်ပံ့ရေးကွင်းဆက်များရှိသည့်အပြင် ထုတ်ကုန်ပစ္စည်းများနှင့် ကုန်သွယ်မှုပုံစံကို စဉ်ဆက်မပြတ်အဆင့်မြှင့်တင်ခြင်း၊ ကုန်သွယ်ဖက်များ တိုးချဲ့နိုင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် e-commerce အပါအဝင် စီးပွားရေးပုံစံများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကဏ္ဍသည် မကြာသေးမီနှစ်များအတွင်း အားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ အပါအဝင် အဓိကကုန်သွယ်ဖက်များသို့ ပို့ကုန်တည်ငြိမ်စေရန် တရုတ်နိုင်ငံက ပိုမိုလုပ်ဆောင်သင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် Belt and Road Initiative တွင်ပါဝင်သည့်နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိကန်ရှိနိုင်ငံများတွင် စျေးကွက်အလားအလာသစ်များကို ပိုမိုအသုံးချရမည်ဖြစ်ကြောင်း International Economic International Economic Exchanges China Center ၏ ဒုဥက္ကဋ္ဌ Ning Jizhe က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာအနှံ့သို့ ကုန်ပစ္စည်းများ ပိုမိုရောင်းချရန် စိတ်အားထက်သန်သော တရုတ်ပြည်တွင်း ထုတ်လုပ်သူများ အထူးသဖြင့် Zhejiang၊ Jiangsu၊ Shandong၊ Fujian နှင့် Sichuan ကဲ့သို့သော ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန် အချက်အချာဒေသများမှ ပြည်တွင်းထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်ကုန်များတွင် နည်းပညာတန်ဖိုးကို ထည့်သွင်းရန်နှင့် ပြည်တွင်း၌သာမက ကမ္ဘာ့ဈေးကွက်များရှိ ကုန်စည်ပြပွဲအကြီးစားများတွင် ပါဝင်တက်ရောက်ရန် အားထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

လူချင်းထိတွေ့သည့်လုပ်ငန်းများကို အပြည့်အဝပြန်လည်စတင်ခြင်းနှင့်အတူ Canton Fair ဟုလည်း လူသိများသော (၁၃၃)ကြိမ်မြောက် တရုတ်သွင်းကုန်နှင့် ပို့ကုန်ကုန်စည်ပြပွဲ၏ ဒုတိယအဆင့်တွင် ကုမ္ပဏီပေါင်း (၁၂,၀၀၀) နီးပါးကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကူးစက်ရောဂါအကြိုအဆင့်ထက် (၃,၈၀၀) ပိုများခဲ့ကြောင်းနှင့် အဆိုပါပြပွဲကို ဧပြီလ (၁၅)ရက်နေ့မှ မေလ (၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် တည်ငြိမ်စွာစတင်နိုင်ခဲ့ပြီး ပထမသုံးလပတ်တွင် ကုန်ပစ္စည်းတင်ပို့တင်သွင်းမှုစုစုပေါင်းသည် ယခင်နှစ်ထက် ၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင် အချက်အလက်များ၌ ဖော်ပြခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် တရုတ်အစိုးရသည် နိုင်ငံတကာကုန်သွယ်မှုကို တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စီးပွားရေးအင်အား(economic power)ကို တိုးချဲ့လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါ သည်။

 

Source: http://www.chinadaily.com.cn/a/202304/24/WS64455ae7a310b6054facf484.html

             https://english.news.cn/20230423/4cff0d8a6ccf4f4b8e8cb9d209aacab6/c.html

 

စီးပွားရေးသံမှူး၊နန်နင်း

 

Category: China(Nanning)