China(Nanning)

လက်ရှိ နိုင်ငံတကာငွေကြေးစနစ်တွင် တရုတ်ယွမ်ငွေ (RMB) ၏ လွှမ်းမိုးမှု တိုးလာ

Last Updated:

လက်ရှိ နိုင်ငံတကာငွေကြေးစနစ်တွင် တရုတ်ငွေကြေး ယွမ် (renminbi- RMB) ၏ လွှမ်းမိုးမှုသည် တိုးလာကြောင်း Economic Daily ဝက်ဘ်ဆိုက် က ၂၄-၄-၂၀၂၃ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း၊ တရုတ်ကမ်းလွန်ရေနံလုပ်ငန်း (China National Offshore Oil Corporation-CNOOC) နှင့် ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total Energies တို့သည် သဘာဝဓာတ်ငွေ့ရည် ကုန်သွယ်မှုအတွက် တရုတ်ယွမ်ငွေဖြင့် ပထမဆုံးငွေပေးချေမှုကို မကြာသေးမီက အပြီးသတ် ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် နှစ်နိုင်ငံဗဟိုဘဏ်များအကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ဘရာဇီးလ်နိုင်ငံသည် ယွမ်ငွေဖြင့်ငွေပေးချေမှု ဆောင်ရွက်ခွင့်ရှိသည့်ဘဏ်ကို ခန့်အပ်ခြင်းနှင့်အတူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များကို ယွမ်ဖြင့်လက်ခံရန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ယွမ်ဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် ယွမ် (၄၂) ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၀၉ ထရီလီယံ) ကျော်လွန်ခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် (၃)ဆ တိုးလာကြောင်း ကိန်းဂဏန်း အချက် အလက်များအရ သိရှိရပါသည်။

လက်ရှိတွင် တရုတ်ယွမ် (RMB) သည် နိုင်ငံတကာငွေပေးချေမှုများအတွက် ပဉ္စမမြောက်အသုံး အများဆုံးငွေကြေး၊ ပဉ္စမမြောက်နိုင်ငံတကာ အရန်ငွေကြေးနှင့် IMF ၏ IMF's Special Drawing Rights တွင် တတိယမြောက် အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေ၊ နိုင်ငံခြားအရန်ငွေအဖြစ် အသုံးပြုခြင်းနှင့် တန်ဖိုးသတ်မှတ်ခြင်းကဲ့သို့ နိုင်ငံတကာငွေကြေးအဖြစ် ယွမ် (RMB) ၏ လုပ်ဆောင်ချက်များသည် ကဏ္ဍစုံတွင် အားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

ယွမ်ငွေရှင်းလင်းရေးဘဏ်များနှင့် ဒေသသုံးငွေကြေးဖြင့် ငွေပေးချေမှုကွန်ရက်များ တည်ထောင်ခြင်း၊ ယွမ် (RMB)၏ ပြည်ပစျေးကွက်ဖွံ့ဖြိုး တိုးတက်လာခြင်း၊ ပြည်တွင်းဘဏ္ဍာရေးဈေးကွက်များ ဖွင့်ပေးလိုက်ခြင်းနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ပြည်ပတွင် လုပ်ငန်းဆောင်ရွက်မှုပုံစံကို စဉ်ဆက်မပြတ်တိုးတက်စေခြင်းတို့ကြောင့် ယွမ် (RMB) သည် နိုင်ငံတကာ အသုံးပြုမှုအတွက် အချိတ် အဆက်များရရှိခဲ့ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအရှိန်နှင့် တရုတ်ဘဏ္ဍာရေးဈေးကွက်ကို ထပ်မံဖွင့်လှစ်လိုက်ခြင်းတို့ကြောင့် ယွမ် (RMB) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်လုပ်ငန်းများ တဖြည်းဖြည်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် နိုင်ငံတကာ ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင် ပြောင်းလဲမှုများနှင့်အတူ နိုင်ငံတကာငွေကြေးစနစ် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ပိုမိုကွဲပြားလာကြောင်း သိရှိရပါသည်။

သို့ပါ၍ တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေကို နိုင်ငံတကာသုံးငွေကြေးအဖြစ် ပိုမိုခိုင်မာအားကောင်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နောင်တွင် နိုင်ငံတကာကုန်သွယ်မှုတွင် ယွမ်ဖြင့် ပေးချေခြင်းများကို ယခုထက်ပိုမို အသုံးပြုလာမည့် အလားအလာများရှိနေကြောင်း၊ နိုင်ငံတကာ ကုန်သွယ်မှုတိုးချဲ့ခြင်းနှင့် ယွမ်ကို နိုင်ငံတကာသုံးငွေကြေးအဖြစ် ဆောင်ရွက်ခြင်းများသည် အပြန်အလှန်အကျိုးပြုနေပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အဓိကအထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

 

Source: http://global.chinadaily.com.cn/a/202304/24/WS6445e4d9a310b6054facf5fe.html

စီးပွားရေးသံမှူး၊နန်နင်း

Category: China(Nanning)