China(Nanning)

အရှေ့တောင်အာရှနိုင်ငံများမှ သစ်သီးများသည် တရုတ်ဈေးကွက်၌ အကျိုးအမြတ်များ ရရှိနေ

Last Updated:

နယ်စပ်ဒေသရှိ အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သစ်သီးဝလံများ အပြန်အလှန်ကုန်သွယ်မှုကို မြှင့်တင်လာနိုင်ကြောင်း၊ တရုတ်စားသုံးသူများ၏ ကြိုက်နှစ်သက်မှု တိုးလာခြင်းနှင့် တရုတ်နိုင်ငံအနေဖြင့် COVID-19 တုံ့ပြန်မှုအစီအမံများကို ဖြေလျှော့လိုက်ပြီးနောက် ကုန်သွယ်မှု ပိုမိုလွယ်ကူချောမွေ့လာခြင်းတို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများသည် အပူပိုင်းဒေသထွက် သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ ဆက်လက်တိုးမြှင့် တင်ပို့လျက်ရှိကြောင်း chinadaily သတင်း၌ ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံသည် ကွာရန်တင်းဝင်ရခြင်းကို ဖြေလျှော့လိုက်ပြီးနောက် ပြည်ပမှတင်သွင်းသော သစ်သီးဝလံများ၏ ဝယ်လိုအားသည် တဖြည်းဖြည်းများပြားလာကာ ပြည်တွင်းနှင့် ပြည်ပကုန်သည်များသာမက လက်လီရောင်းချသူများအတွက်ပါ အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ကြောင်း သိရှိရပါသည်။

အာဆီယံနိုင်ငံများနှင့် ကုန်းမြေ၊ ရေကြောင်း နှစ်ခုစလုံးဖြင့် ချိတ်ဆက်ထားသည့် တရုတ်နိုင်ငံရှိ တစ်ခုတည်းသောဒေသဖြစ်သည့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နှင့် အာဆီယံစျေးကွက်နှစ်ခုအကြား သစ်သီးသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင် အားသာချက်များရှိနေပြီး ဗီယက်နမ်နှင့်ထိစပ်နေသည့် ကွမ်ရှီးဒေသ၊ ဖိန်းရှန် (Pingxiang) ရှိ Youyi နယ်စပ်ဂိတ်သည် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား အကြီးဆုံးဂိတ်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုအခါ Youyi ဂိတ်သို့ နေ့စဉ်ဝင်ထွက်သည့် ယာဉ်အစီးရေသည် အခြေခံအားဖြင့် ကိုဗစ်မတိုင်မီကာလ အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု ဖိန်းရှန် (Pingxiang) နယ်စပ်ဂိတ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ Nong Weipeng က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လတ်ဆတ်သစ်သီးဝလံများကို သယ်ယူပို့ဆောင်ရာတွင် ထောက်ပံ့ပို့ဆောင်မှု၊ သိုလှောင်ရုံနှင့် မြန်ဆန်သည့် အကောက်ခွန်ရှင်းလင်းမှုစသဖြင့် လိုအပ်ချက်များ များပြားကြောင်း၊ သစ်သီးဝလံများ လတ်ဆတ်မှုရှိစေရန်နှင့် တိုးတက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ဒေသဆိုင်ရာ အကောက်ခွန်ရှင်းလင်းရေးနှင့် နယ်စပ်စစ်ဆေးရေးဌာနများသည် ထိရောက်သည့် အထောက်အကူပြုအစီအမံများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု Nong က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမလေးလတွင် Youyi ဂိတ်မှတစ်ဆင့် ကုန်တင်ယာဉ် (၁၁၅,၂၀၀) စီး ဖြတ်သန်းခဲ့ပြီး ယခင်နှစ်ထက် (၁၅၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် Youyi ဂိတ်၏ သွင်းကုန်နှင့် ပို့ကုန်တန်ဖိုးသည် ယွမ် (၁၂၈.၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ) ရှိခဲ့ပြီး (၃၀၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဒေသန္တရအစိုးရ၏ အချက်အလက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လတွင် နယ်စပ်ဂိတ်ရှိ လမ်းသစ် (၆) ခုကို စတင်အသုံးပြုခဲ့ရာ လက်ရှိတွင် အဝင်ကုန်တင်ယာဉ်များအတွက် (၆) လမ်းနှင့် အထွက်ကုန်တင်ယာဉ်များအတွက် (၆) လမ်း စုစုပေါင်း (၁၂) လမ်းအထိ ရှိလာခဲ့ကြောင်း၊ အဆိုပါလမ်းသစ်များဖွင့်လှစ်ခြင်းကြောင့် နယ်စပ်၌ ဝန်ဆောင်မှုစွမ်းရည်ကို (၃၀) ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ဒေသန္တရအစိုးရ၏ အချက်အလက်များအရ သိရှိရပါသည်။

 

Source: www.chinadaily.com.cn/a/202306/22/WS64938348a310bf8a75d6b282.html

(စီးပွားရေးသံမှူး၊နန်နင်း) 

Category: China(Nanning)