China(Nanning)

ဒေသတွင်းကုန်သွယ်မှုများ တိုးတက်လာခြင်းကြောင့် အရှေ့တောင်အာရှတွင် တရုတ်အစားအစာများကို ပိုမိုစားသုံးလာ

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်နန်နင်းတွင် ဇူလိုင်လဆန်းပိုင်းက ကျင်းပခဲ့သည့် ပဉ္စမအကြိမ် လန်ချန်း-မဲခေါင်စီးပွားရေးဖိုရမ် (5th Lancang-Mekong Business Forum) တွင် တရုတ်နှင့် မြန်မာဘာသာစကားနှစ်မျိုးဖြင့် တံဆိပ်ကပ်ဖော်ပြထားသော အစပ်အရသာဟော့ပေါ့ထုပ်များသည် စိတ်ဝင်စားမှုရရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဟော့ပေါ့ထုပ်အတွက် ကုန်ကြမ်းများကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့မှ တင်သွင်းပြီး မြန်မာလူမျိုးများ၏ အရသာနှင့်ကိုက်ညီစေရန် ရန်ကုန်မြို့တွင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သော (၁၀) နှစ်ခန့်မှစ၍ အစပ်အရသာရှိသည့် တရုတ်အစားအစာများသည် မြန်မာနိုင်ငံတွင် ခေတ်စားလာခဲ့ကြောင်းနှင့် တရုတ်လူမျိုးများ၏ အစပ်အရသာဟော့ပေါကို မြန်မာ နိုင်ငံတွင် လူကြိုက်များလာပြီးနောက် အဆင့်မြင့်စားသောက်ဆိုင်များတွင် စတင်မိတ်ဆက်ခဲ့ကြောင်း အဆိုပါအစပ်အရသာဟော့ပေါ့ကို ထုတ်လုပ်သူ Sean Yann က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း “မာလာ” ဟုခေါ်သည့် အစပ်အရသာရှိသော တရုတ်အစားအစာများသည် အရှေ့တောင်အာရှတွင် နေရာယူလာခဲ့ကြောင်း၊ မာလာအရသာကို မြန်မာစားသုံးသူများ၏ ကြိုက်နှစ်သက်မှု တိုးပွားလာသည်နှင့်အမျှ Yann ၏ ကုမ္ပဏီသည် ၎င်း၏ ဟော့ပေါ့ကို မိတ်ဆက်ရန်အတွက် ပြည်တွင်းရှိ စူပါမားကတ်များနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်း၏ထုတ်ကုန်များသည် ပြည်တွင်းထုတ်ကုန်များထက် (၁.၅) ဆခန့် ဈေးများသော်လည်း တစ်လလျှင် အထုပ် (၂၀,၀၀၀) မှ (၃၀,၀၀၀) အထိ ရောင်းချနေရဆဲဖြစ်ကြောင်း Yann မှ ပြောကြားခဲ့ပါသည်။

ထို့အတူ ယခုနှစ်အစပိုင်းတွင် တရုတ်နိုင်ငံ၏ e-commerce ပလက်ဖောင်းများဖြစ်သည့် Meituan နှင့် Dianping တို့မှ အချက်အလက်များအရ ထိုင်းနိုင်ငံတွင် "မာလာ" နှင့် "ဟော့ပေါ့" ရှာဖွေမှုများသည် ယခင်နှစ်ထက် (၇၀၀) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းနှင့် ဘန်ကောက်နှင့် ဖူးခက်ရှိ လူကြိုက်များသော အပန်းဖြေစခန်းများတွင် မာလာအသားကင်နှင့် ဟော့ပေါ့များပါဝင်သည့် စားသောက်ဆိုင်များ ပိုများလာကြောင်း သိရှိရပါသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းကြောင့် ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့တွင် အတားအဆီးများမရှိတော့သဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သည် တိုးလာလျက်ရှိကြောင်း၊ "မာလာ" ကဲ့သို့သော တရုတ်အရသာ အစားအစာများသည် အရှေ့တောင်အာရှသို့ ဝင်ရောက်လာကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Yulin မြို့ရှိ Yulin International Spice Trading Market တွင် စမုန်နက်နှင့် သစ်ကြံပိုးခေါက်ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များ တင်ဆောင်ထားသည့် ထရပ်ကား အများအပြားကို မြင်တွေ့ရကြောင်း၊ Yulin တွင် နှစ်စဉ် ဟင်းခတ်အမွှေးအကြိုင်များ၏ ကုန်သွယ်မှုပမာဏသည် တန်ချိန် (၈၀၀,၀၀၀) ခန့်ရှိပြီး ဟင်းခတ်အမွှေးအကြိုင်နှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် လူပေါင်း (၁၀၀,၀၀၀) ကျော် ကို အလုပ်ခန့်ထားပေးနိုင်ကြောင်း သိရှိရပါသည်။

Yulin မြို့သည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အကောင်အထည်ဖော်သည့် အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ အာဆီယံနိုင်ငံများနှင့် ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်မှုကို စဉ်ဆက်မပြတ်ချဲ့ထွင်ကာ တရုတ်ဟင်းခတ်အမွှေးအကြိုင်များကို အရှေ့တောင်အာရှသို့ ပိုမိုတင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

ယခုကျင်းပသည့် ပဉ္စမအကြိမ် လန်ချန်း-မဲခေါင်စီးပွားရေးဖိုရမ်တွင် တရုတ်၊ ကမ္ဘော ဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့ အပါအဝင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ် (၁၀၀) ကျော်သည် စိုက်ပျိုးရေးနှင့် အစားအစာ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား အခြေခံအဆောက်အဦး ချိတ်ဆက်မှု အားကောင်းလာကာ ထောက်ပံ့ပို့ဆောင်ရေးစနစ်များ တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ အစားအသောက်ဝယ်လိုအား မြင့်တက်လာခြင်း၊ စားသုံးမှုပုံစံများ ပြောင်းလဲလာခြင်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ နည်းပညာများ တိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ အစား အစာပြုပြင်ထုတ်လုပ်မှု စျေးကွက်နှင့် ကုန်သွယ်မှုသည် ဆက်လက်တိုးတက်လာလျက်ရှိပြီး အနာဂတ်တွင် ပို၍ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု မဲခေါင်သိပ္ပံ၏ အမှုဆောင်ဒါရိုက်တာ Suriyan Vichitlekarn က ဖိုရမ်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း မိမိတို့နိုင်ငံမှ ပေါကြွယ်ဝသော ကုန်ကြမ်းများနှင့် တရုတ်နိုင်ငံမှ နည်းပညာနှင့် စက်ကိရိယာများ ပေါင်းစပ်၍ ထုတ်ကုန်သစ်များကို ဆန်းသစ်တီထွင်ထုတ်လုပ်ပြီး ကြီးမားသည့်တရုတ်နှင့် ဒေသတွင်းစားသောက် ကုန်ဈေးကွက်သို့ ပြန်လည်တင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများရှိပါကြောင်း သုံးသပ်ရပါသည်။

 

Source: https://english.news.cn/20230725/aba2058762bf4a5693f69d10df6504e0/c.html   

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)