ထိုင်းနိုင်ငံ၏ ငွေကြေးနှင့် လွတ်လပ်သောခရီးသွားများအတွက် စီစဉ်ပေးနိုင်မှုတွင် အားနည်းချက်များကြောင့် ဂျပန်နိုင်ငံ၏ လူကြိုက်များမှုသည် သာလွန်လျက်ရှိရာ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများက ခရီးသွား သန်း ၄၀ ဝင်ရောက်နိုင်ရေးအတွက် ဆွဲဆောင်မှုအသစ်များ ထပ်တိုး ဆောင်ရွက်ခြင်းနှင့် ထောက်ပံ့မှု အရည်အသွေးများ မြှင့်တင်ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်း ပြောကြားခဲ့ပါသည်။
ပထမ ၁၁ လအတွင်း ဂျပန်နိုင်ငံသို့ ခရီးသွား ၃၃.၃ သန်း ဝင်ရောက်ချိန်တွင် ထိုင်းနိုင်ငံသို့ ခရီးသွား ၃၂ သန်း ဝင်ရောက်ခဲ့ပါကြောင်း၊ ဂျပန်နိုင်ငံက ယခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှု ၃၅ သန်း အထိ မှတ်တမ်းတင်ရန် ခန့်မှန်းထားခဲ့ပါကြောင်း၊ ဂျပန်နိုင်ငံရှိ အဓိကနှင့် ဒုတိယမြို့တော်များတွင် ခရီးသွားကဏ္ဍ၌ လွှမ်းမိုးလျက်ရှိသည့် လွတ်လပ်သော ခရီးသွားများအတွက် ရထားလမ်းချိတ်ဆက်မှု၊ လုံခြုံမှု၊ သန့်ရှင်းမှုနှင့် ဆွဲဆောင်မှုများတွင် ကောင်းမွန်စွာ တည်ဆောက်ထားပါကြောင်း၊ ထိုင်းနိုင်ငံသားများ ဂျပန်နိုင်ငံသို့ ခရီးသွားမှုသည် ဂျပန်နိုင်ငံက ထိုင်းနိုင်ငံသားအတွက် ဗီဇာလိုအပ်ချက်ကင်း လွတ်ခွင့်မပြုခင် ၄၀၀,၀၀၀ ဦးမှ ၂၀၁၉ ခုနှစ်တွင် ၁.၃သန်းထိ ရှိခဲ့ပါကြောင်း၊ လာမည့်နှစ်များတွင် ထိုင်းခရီးသွား ၂ သန်းထိ ရောက်ရှိနိုင်သည့် အခွင့်အလမ်းရှိပါကြောင်း ထိုင်းခရီးသွားအေးဂျင့်များ အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Adith Chairattananon က ပြောကြားခဲ့ပါသည်။
တရုတ်ခရီးသွားများအတွက် ဗီဇာလျှောက်ထားမှု လိုအပ်နေသေးသော်လည်း ဂျပန်နိုင်ငံသည် တရုတ်ခရီးသွားများအတွက် ဦးစားပေးနေရာဖြစ်နေသေးပါကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံသား များအတွက် ဗီဇာလျှောက်ထားမှု ကင်းလွတ်ခွင့်ပေးခဲ့ပါက ထိုင်းနိုင်ငံ၏ ခရီးသွားအများဆုံး အဖြစ် တည်ရှိမှုကို သက်ရောက်လာနိုင်ကြောင်း၊ ဂျပန်နိုင်ငံ၏ ခရီးသွားမြှင့်တင်မှုတွင် အစိုးရမှသည် ဒေသအာဏာပိုင်များထိ ဦးတည်ရာတစ်ဖက်တည်းသို့ အတူတကွပူးပေါင်းဆောင်ရွက်ကြပါကြောင်း၊ ပြည်နယ်ခရီးသွားအဖွဲ့အစည်းများကလည်း ပြည်ပခရီးသွားပြပွဲများတွင် တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြပါကြောင်း၊ ထိုင်းနိုင်ငံသည် သဘာဝဆွဲဆောင်မှုများ၊ နွေးထွေးသော ဧည့်ဝတ်ပျူငှာခြင်းနှင့် ယဉ်ကျေးမှုများတွင် အားသာချက်များရှိသော်လည်း ထိုင်းနိုင်ငံတွင် ခရီးသွားများကို ဆွဲဆောင်သည့် အချက်များမရှိကြောင်း နိုင်ငံခြားခရီးသွားလုပ်ငန်းဆောင်ရွက်သူများက မှတ်ချက်ပြုကြကြောင်း Mr. Adith က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ဆွဲဆောင်မှုအသစ်များ၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် သယ်ယူပို့ဆောင်ရေးနှင့် တီထွင်ဖန်တီးသည့် နည်းလမ်းသစ်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေပါကြောင်း၊ ဥပမာ အားဖြင့် တရုတ်အွန်လိုင်းဂိမ်းတစ်ခုဖြစ်သည့် “Black Myth: Wukong” သည် ပြည်တွင်းခရီးသွားများကို ဂိမ်းအတွင်းပါဝင်သည့် နေရာများသို့ လည်ပတ်ရန်နှင့် ပစ္စည်းများကိုစုဆောင်းရန် အားပေးပါကြောင်း၊ ယှဉ်ပြိုင်သူများ များပြားလာသည်နှင့်အမျှ နိုင်ငံခြားသား ခရီးသွားများသည် ချင်းမိုင် သို့မဟုတ် ထိုင်းနိုင်ငံကို ၎င်းတို့၏ သွားရောက်လည်ပတ်လိုသည့် စာရင်းတွင် မထည့်သွင်းတော့ပါကြောင်း၊ ချင်းမိုင်သည် ဒေသလူနေမှုပုံစံနှင့် သဘာဝတို့ကြောင့် ထင်ရှားသော်လည်း တိုးတက်ရန်နှင့် တန်ဖိုးမြှင့်တင်မှုတွင် အားနည်းပါကြောင်း၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများက ဖေဖော်ဝါရီလ ပန်းပွဲတော်နှင့် နိုဝင်ဘာ လွယ်ကထုန်ပွဲတော်များ အတွက်သာ အားရုံစိုက်နေကြကြောင်း ထိုင်းဟိုတယ် အသင်း အကြံပေး Ms. La-iad Bungsrithong က ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။