USA

“Bidenomics” ဟု အမည်ပေးထားသည့် စီးပွားရေးအစီအစဉ်တစ်ရပ်အား အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့

Last Updated:

“Bidenomics” ဟု အမည်ပေးထားသည့် စီးပွားရေးအစီအစဉ်တစ်ရပ်အား အမေရိကန် သမ္မတအိမ်ဖြူတော်က ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း Washington Times အွန်လိုင်းသတင်းတွင် “White House pivots to ‘Bidenomics’ message focused on more government spending” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းအရ သမ္မတဂျိုးဘိုင်ဒင်သည် လူလတ်တန်းစား မဲဆန္ဒရှင်များကို စွဲဆောင်နိုင်ရန် “Bidenomics” ဟု အမည်ပေးထားသည့် စီးပွားရေးအစီအစဉ်သစ်တစ်ရပ်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ အစီအစဉ်သစ်၏ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတစ်ဝန်း မြန်နှုန်းမြင့်အင်တာနက် အစီအစဉ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၀) ဘီလီယံကျော် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ “Bidenomics” အစီအစဉ်သစ်သည် ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကြောင့် ထိခိုက်သက်ရောက်မှု အများဆုံးဖြစ်ပေါ်လျက်ရှိသည့် လူလတ်တန်းစား မဲဆန္ဒရှင်များအတွက် အထူးအလေးအနက်ထား ဆောင်ရွက်ပေးနေကြောင်း ပြသခြင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာမူဝါဒများ ဖော်ဆောင်နေကြောင်းပြသမည့် သမ္မတဂျိုးဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဇာတ်ကြောင်းများစွာအနက် ပထမဆုံး ဆောင်ရွက်မှုဖြစ်ကြောင်း သိရှိရပါသည်။

ငွေကြေးဖောင်းပွမှုနှင့် အိမ်ယာဈေးကွက် အကျပ်အတည်းများကြောင့် သမ္မတ ဂျိုးဘိုင်ဒင်၏ စီးပွားရေးကဏ္ဍ ကိုင်တွယ်ဖြေရှင်းမှုများအပေါ် လူထုယုံကြည်မှု နည်းပါးနေသေးကြောင်း၊ Associated Press ၏ စစ်တမ်းတစ်ခုအရ အရွယ်ရောက်ပြီးသူ (၃၃) ရာခိုင်နှုန်းသာ သမ္မတ ဂျိုးဘိုင်ဒင်၏ စီးပွားရေးစွမ်းဆောင်မှုကို ထောက်ခံပြီး နိုင်ငံ၏ အမျိုးသားစီးပွားရေးအခြေအနေ (National Economic Condition) ကောင်းမွန်ကြောင်း လက်ခံသူ (၂၄) ရာခိုင်နှုန်းသာရှိသည်ဟု ဖော်ပြထားကြောင်း၊ ပျမ်းမျှအတိုးနှုန်းသည်လည်း (၆.၉) ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိနေပြီး ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလျက်ရှိရာ အိမ်ယာဝယ်ယူသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ် ကြောင်း၊ အချက်အလက်များအရ အငွေကြေးဖောင်းပွမှုသည် လျော့နည်းလာသော်လည်း သမ္မတ ဂျိုးဘိုင်ဒင်၏ သမ္မတတာဝန် စတင်ထမ်းဆောင်စဉ် အစောပိုင်းနှစ်များနှင့် နှိုင်းယှဉ်ပါက ပိုများနေသေးကြောင်း သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA