Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (FTA) အတွက် အပြီးသတ် ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် တစ်နည်းအားဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Comprehensive Economic Partnership Agreement-CEPA) နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ယခုပတ်အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊  စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Ms. Auramon Supthaweethum က ပြောကြားခဲ့ပါသည်။

နိုင်ငံတကာကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်မည့် အစိုးရ၏ မူဝါဒများနှင့် ကိုက်ညီစေရန်ဖြစ်ကြောင်း၊ အဓိကနယ်ပယ် ၅ ရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကုန်စည်ကုန်သွယ်မှု၊ ကုန်သွယ်မှုကုစားရေး၊ ဥပဒေရေးရာနှင့် အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ ပင်ရင်းစည်းမျဉ်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ဒီဂျစ်တယ်ကုန်သွယ်ရေးတို့ဖြစ်ကြောင်း၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ မူပိုင်ခွင့်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများ၊ အပင်ပိုးမွှားသန့်စင်ရေးဆိုင်ရာ တိုင်းတာချက်များနှင့် စပ်လျဉ်းသည့် ကော်မတီခွဲများ၏ ဆွေးနွေးချက်များသည်လည်း အပြီးသတ်နေပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံနှင့် UAE နိုင်ငံတို့အကြား CEPA သည် ထိုင်းနိုင်ငံ၏ GDP ကို အမေရိကန်ဒေါ်လာ ၃၁၈ သန်းမှ ၃၅၇ သန်းကြား ရောက်ရှိစေမည် ဖြစ်ကြောင်း၊ ပို့ကုန်ကိုလည်း အမေရိကန်ဒေါ်လာ ၁၉၀ သန်း မှ ၂၄၃ သန်း ထိ မြင့်တက်စေမည်ဖြစ်ကြောင်း၊ အစားအစာ၊ အထည်အလိပ်၊ တိရစ္ဆာန်ထုတ်ကုန်များ၊ သစ်၊ ရာဘာ၊ ဓာတုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် မိုဘိုင်းဖုန်းနှင့် အစိတ်အပိုင်းများတို့ဖြစ်ကြောင်း၊ ပို့ဆောင်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုတို့တွင်လည်း မြင့်တက်လာနိုင် ပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။

UAE သည် ထိုင်းနိုင်ငံ၏ ကမ္ဘာ့အဆင့်တွင် ၆ နေရာ၌ ရှိပြီး အရှေ့အလယ်ပိုင်း၏ အဆင့် ၁ ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ပထမ ၇ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁.၁ ဘီလီယံရှိခဲ့ပါကြောင်း၊ ထိုင်းမှ UAE သို့ တင်ပို့ခဲ့မှု အမေရိကန်ဒေါ်လာ ၁.၈၁ ဘီလီယံနှင့် UAE မှ ထိုင်း နိုင်ငံသို့ တင်သွင်းခဲ့မှု အမေရိကန်ဒေါ်လာ ၉.၃ ဘီလီယံဖြစ်ကြောင်း၊ ပို့ကုန်များမှာ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ လေအေးစက်များ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ သစ်နှင့် သစ်သားထုတ် ကုန်များနှင့် ရာဘာထုတ်ကုန်တို့ ဖြစ်ပြီး သွင်းကုန်များမှာ ရေနံစိမ်း၊ သန့်စင်ပြီးဆီ၊ သဘာဝဓာတ်ငွေ့၊ သတ္တုရိုင်း၊ သတ္တု၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာ၊ ရွှေနှင့် ငွေချောင်းတို့ ဖြစ်ကြောင်း သိရှိရပါသည်။

အရှေ့အလယ်ပိုင်း၏ ဝင်ပေါက်တစ်ခုဖြစ်သော UAE နိုင်ငံနှင့် FTA အပြီးသတ်ညှိနှိုင်းပြီးပါက ထိုင်းနိုင်ငံအတွက် စီးပွားရေးအရ များစွာအကျိုးရှိလာနိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand