Thailand

ထိုင်း-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ယွမ်-ဘတ် ပေးချေမှုအပေါ် ဘဏ်များက စောင့်ကြည့်လျက်ရှိ

Last Updated:

လက်ရှိဖြစ်ပွားလျက်ရှိသော အမေရိကန်ဒေါ်လာ မတည်ငြိမ်မှုများကြားတွင် ငွေကြေးလဲလှယ်မှုအန္တရာယ်ကို လျော့ပါးစေရန်အတွက်နှစ်နိုင်ငံကုန်သွယ်မှုတွင် ယွမ်-ဘတ်ငွေပေးချေမှုကို အသုံးပြုရန်ထိုင်းဘဏ်နှင့် People’s Bank of China တို့အကြား ဆွေးနွေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအား ယွမ်-ဘတ်ငွေပေးချေမှုကို အသုံးပြုရန် အားပေးလျက်ရှိကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Sethaput က ပြောကြားခဲ့ပါသည်။ 
နှစ်နိုင်ငံအကြား ပြည်တွင်းငွေကြေးများနှင့် ဘဏ္ဍာရေးအရ ပူးပေါင်းဆောင်ရွက်မှုများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်အတွက် ယွမ်-ဘတ် Bilateral Currency Swap Arrange-ment (BSA) ကို ၂၀၂၁ ခုနှစ်တွင် သက်တမ်းတိုးခဲ့ကြောင်း၊ BSA သည် နယ်စပ်ဖြတ်ကျော်ဆောင်ရွက်ရာ၌ ပြည်တွင်းငွေကြေးအသုံးပြုခြင်းတွင် ပုဂ္ဂလိကကဏ္ဍ၏ယုံကြည်မှုကို တည်ဆောက်ရန်ရည်ရွယ်ပါကြောင်း ၎င်းကဆိုပါသည်။ 
ပြည်တွင်းငွေကြေးပေးချေမှု မူဘောင်အောက်တွင် အာရှဒေသအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုသာမက တစ်နိုင်ငံချင်းငွေပေးချေရာတွင်လည်း ပြည်တွင်းငွေကြေးများကို အသုံးပြုရန်အတွက် ထိုင်းဘဏ်သည် ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မလေးရှား Negara ဘဏ်နှင့် အင်ဒိုနီးရှားဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုဘဏ်၏ ငွေကြေး မူဝါဒဦးတည်ချက်ကြောင့် ဘတ်ငွေသည် ဒေါ်လာနှင့်နှိုင်းယှဉ်ပါက အတက်အကျဖြစ်နေကြောင်း ၎င်း၏ ပြောကြားချက်အရသိရှိရပါသည်။ တရုတ်နိုင်ငံပြန်လည်ဖွင့်ပေးပြီးနောက် ယင်းနိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းမွန်လာသော်လည်းကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမှုများနှင့် အမေရိကန်၏ စီးပွားရေးနှေးကွေးနေမှုများကြောင့် ထိုင်းပို့ကုန်ပေါ်တွင် သက်ရောက်မှုရှိနေပါကြောင်း၊တရုတ်စီးပွားရေးနှင့် ဒေသတွင်းစီးပွားရေးတို့အကြား ချိတ်ဆက်မှုများအထူးသဖြင့် ဝန်ဆောင်မှုနှင့်ခရီးသွားကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ကိုယ့်အားကိုယ်ကိုးမူဝါဒများကြောင့် သွင်းကုန်ဝယ်လိုအားလျော့ကျ စေနိုင်ပါကြောင်း Mr. Sethaput က သုံးသပ်ထားပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်ကဏ္ဍများတွင် တရုတ်နိုင်ငံပြန်လည် ဖွင့်လှစ်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ East Asia and Pacific Economic Report တွင် ဖော်ပြထားပါသည်။   

 

 
(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)
 Source: www.bangkok.com

Category: Thailand