China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များတွင် နိုင်ငံခြားကုမ္ပဏီ ၃၀,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၌ နိုင်ငံခြားကုမ္ပဏီ ၃၀,၀၀၀ ကျော်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

လက်ရှိနိုင်ငံတွင်း၌ ပြည်နယ်အဆင့်တိုင်းဒေသကြီး ၃၁ တွင် လုပ်ငန်းပေါင်း ၄ သန်းကျော်ကို စုစည်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေးဇုန်ပေါင်း ၂၃၀ ရှိကြောင်း နိုင်ငံတော်အဆင့် စီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ မြှင့်တင်ခြင်းဆောင်ရွက်မှုအခမ်းအနားတစ်ခု၌ ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါဖွံ့ဖြိုးတိုးတက်ရေးဇုန်များတွင် Fortune 500 တွင်ပါဝင်သည့် စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်၏ ဌာနချုပ်(သို့မဟုတ်) သုတေသနစင်တာများ ပါဝင်ကြောင်း သိရှိရပါသည်။

ယခင်နှစ်က နိုင်ငံတော်အဆင့်စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်များသည် ဒေသဆိုင်ရာ GDP ၁၅ ထရီလီယံယွမ်( အမေရိကန်ဒေါ်လာ ၂.၀၈ ထရီလီယံယွမ်)၊ ၂၀၁၃ ခုနှစ်ကထက် ၁၁၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖွံ့ဖြိုးတိုးတက်ရေးဇုန်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးစုစည်းဆောင်ရွက်မှုများကို ကမ္ဘာ့စက်မှုလုပ်ငန်းစနစ်အတွင်းသို့ ဝင်ရောက်နိုင်ရေး အရေးပါသည့်လမ်းကြောင်းများ ဖြစ်လာကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Mr. Chen Chunjiang မှ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ negative list စာရင်းကို ကျိုးကြောင်းဆီလျော်စွာစဉ်းစား၍ လျော့ချနိုင်ရေးနှင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများ အားကောင်းလာစေရေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Mr. Chen မှ နိုင်ငံအနေဖြင့် တီထွင်ဆန်းသစ်မှုများမြှင့်တင်ရန်နှင့် နိုင်ငံတော်အဆင့် စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်များ အဆင့်မြှင့်တင်ရန် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံအရှေ့ပိုင်းမြို့တော်နန်ကျင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကျန်းစုပြည်နယ်အစိုးရတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှစ် လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံခြားကုန်သွယ်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတော်အဆင့်စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲများနှင့် project-matchmaking ဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်နှင့် ကာဗွန်လျော့ချရေးကဏ္ဍများ၊  စွမ်းအင်သစ်မော်တော်ယာဉ်များကို အဓိကဦးတည်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် နိုင်ငံတော်အဆင့်စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: China's development zones attract over 30,000 foreign companies (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)