Germany

BIOFACH and VIVANESS 2025 အား လာမည့်နှစ် ဖေဖော်ဝါရီလအတွင်း ဂျာမနီနိုင်ငံ၊ Nuremberg မြို့တွင် ကျင်းပမည်ဖြစ်

Last Updated:

အော်ဂဲနစ် စားသောက်ကုန်များနှင့် သဘာဝနှင့် အော်ဂဲနစ် အလှကုန်များအတွက် နိုင်ငံတကာ ကုန်စည်ပြပွဲကြီးဖြစ်သည့် BIOFACH and VIVANESS 2025 ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ ဂျာမနီနိုင်ငံ၊ Nuremberg မြို့တွင် လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါသည်။ (Stand ငှားရမ်းခြင်းအပါအဝင် အသေးစိတ်အချက်အလက်များကို Source ရှိ Link များတွင် လေ့လာနိုင်ပါသည်။)

BIOFACH ကို Nuremberg Messe GmbH က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၁၃-၂-၂၀၂၄ ရက်မှ ၁၆-၂-၂၀၂၄ ရက်အထိ ကျင်းပခဲ့သော BIOFACH 2024 သို့ နိုင်ငံပေါင်း (၁၂၈) နိုင်ငံမှ စိတ်ပါဝင်စားသူ (၃၅,၀၀၀) နီးပါးခန့် လာရောက်ကြည့်ရှု လေ့လာခဲ့ကြသကဲ့သို့ စိတ်ပါဝင်စားသူဦးရေ (၁၀,၀၀၀) ခန့်ကလည်း BIOFACH and VIVANESS Digital Platform တွင် မှတ်ပုံတင်၍ Hybrid အနေအထားဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

နိုင်ငံပေါင်း (၉၄) နိုင်ငံမှ လာရောက်ပြသသူ (၂,၅၅၀) ဦးက အော်ဂဲနစ် စားသောက်ကုန် များနှင့် အလှကုန်ပစ္စည်းများကို ပြခန်းများနှင့် Digital event platform များဖြင့် ခင်းကျင်းပြသခဲ့ကြပါသည်။ နိုင်ငံတကာမှ အော်ဂဲနစ် စားသောက်ကုန်များနှင့် သဘာဝအလှကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများမှ ကိုယ်စားလှယ်များက Meeting point များ၌ အချင်းချင်းတွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကာ စိတ်ပါဝင်စားသူများကလည်း အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြသဖြင့် ပြပွဲလာရောက်ပြသကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအတွက် အကျိုး ကျေးဇူး ရရှိစေနိုင်သော ပြပွဲတစ်ခုဖြစ်ပါသည်။

၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သော BIOFACH 2024 သို့ မြန်မာနိုင်ငံမှ လက်ဖက်ထုတ်လုပ်သည့် ကုမ္ပဏီများက ပြခန်းများ လာရောက်ခင်းကျင်းပြသခဲ့ကြပြီး စိတ်ပါဝင်စားသူများ၏ စုံစမ်းမေးမြန်းလာမှုများကို ဖြေကြားခဲ့ကြခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

BIOFACH တွင် အော်ဂဲနစ်ဈေးကွက်များမှ ထုတ်လုပ်သူများနှင့် တွေ့ဆုံခွင့်ရရှိနိုင်ပြီး အော်ဂဲနစ်ကဏ္ဍ၏ Latest Trends များကိုပါ စိတ်ပါဝင်စားစွာ လေ့လာနိုင်သဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသော၊ မိမိတို့၏ ထုတ်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းအားထုတ်လိုသောမြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သော ကုမ္ပဏီများအနေဖြင့် လာရောက်လေ့လာပြသသင့်သော ကုန်စည်ပြပွဲကြီးတစ်ခု ဖြစ်ပါကြောင်းနှင့် စီးပွားရေးသံမှူး၏ ယမန်နှစ် အတွေ့အကြုံအရ ကုမ္ပဏီတစ်ခု/ လုပ်ငန်းတစ်ခုလျှင် ပြခန်း (၁) ခန်းစီဖြင့် သီးခြားစီဌားရမ်းပြသရန် အခက်အခဲရှိပါကလည်း အချင်းချင်း အစုဖွဲ့၍ လာရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

 

 

Source:         https://www.biofach.de/en

                   https://www.biofach.de/en/exhibit/book-your-stand

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany