China (HongKong)

ဟောင်ကောင်ဒေသ၏ ပထမဆုံး ကမ်းလွန်ဓာတ်ငွေ့ရည် Terminal စတင်ဖွင့်လှစ်

Last Updated:

ဟောင်ကောင်ဒေသ၏ လောင်စာရရှိမှု တည်ငြိမ်ခြင်းကို အထောက်အကူပြုစေမည့် ပထမဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ရည် terminal ကို ဟောင်ကောင် CLP စွမ်းအင်ကုမ္ပဏီနှင့် ဟောင်ကောင်အီလက်ထရစ် ကုမ္ပဏီတို့မှ စတင်လည်ပတ်ခဲ့ပြီဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် Hong Kong Business သတင်းဌာနမှ “Hong Kong Launches 1st offshore LNG terminal” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဟောင်ကောင် CLP စွမ်းအင်ကုမ္ပဏီနှင့် ဟောင်ကောင်အီလက်ထရစ် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါစီမံကိန်းကို ဟောင်ကောင်ဒေသ၏ Soko ကျွန်းများ အရှေ့ပိုင်းတွင် ၂၀၂၀ ခုနှစ်၌ စတင်တည်ဆောက်ခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် စတင်လည်ပတ်နေပြီဖြစ်သည်ဟု ကုမ္ပဏီများမှ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားပါသည်။

တည်ငြိမ်ပြီး စိတ်ချရသည့် စွမ်းအင်ရရှိမှုသည် လူ့အဖွဲ့အစည်း အဆင်ပြေချောမွေ့စွာ နေထိုင်ရေးအတွက်သာမက အရည်အသွေးမြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်အဖြစ် အထောက်အကူပြုသည်ဟု ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး John Lee ကပြောကြားခဲ့ပါသည်။

ကမ္ဘာ့အကြီးဆုံး ရေပေါ်ဓာတ်ငွေ့ရည် သိုလှောင်ထိန်းသိမ်းခြင်းနှင့် ဓာတ်ငွေ့ပြန်လည် ပြောင်းလဲထုတ်လုပ်နိုင်သည့် ရေယာဉ်ဖြစ်သည့် Bauhinia Spirit ကို terminal ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားပြီး ဓာတ်ငွေ့ရည်မှ အငွေ့အဖြစ် ပြောင်းလဲပြီး ဓာတ်ငွေ့များကို CLP စွမ်းအင်ကုမ္ပဏီ (ဟောင်ကောင်) ၏ Black Point Power Station နှင့် Lamma Power Station တို့သို့ ပိုက်လိုင်းများမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။

ဟောင်ကောင်ဒေသ၏ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမည့် လောင်စာပြောင်းလဲသုံးစွဲမှု ဆောင်ရွက်ချက်နှင့် ဓာတ်အားထုတ်လုပ်မှုတွင် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို မြှင့်တင်နိုင်ရေး ရည်မှန်းချက်အတွက် အထောက်အပံ့ဖြစ်စေသော အရေးပါသည့် ခြေလှမ်းတစ်ရပ်ကို စတင်နိုင်ခြင်းနှင့် ဟောင်ကောင်ဒေသ၏ လောင်စာရင်းမြစ်နောက်တစ်ခု ဖြစ်လာနိုင်ခြင်းတို့ကို လေ့လာသိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)