Thailand

ထိုင်းနိုင်ငံ ပို့ကုန်ကဏ္ဍသည် အဆိုးဆုံးအချိန်များကို လွန်မြောက်ခဲ့ပြီဖြစ်၍ ၂၀၂၄ ခုနှစ်တွင် ၁-၂ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များ ခန့်မှန်း

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် အောက်ခြေမှလွတ်မြောက်လာပြီဖြစ်၍ လယ်ယာထွက်ကုန်၊ အစားအသောက်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ၏ ပို့ကုန်များကြောင့်လာမည့်နှစ်တွင် ၁-၂ ရာခိုင်နှုန်းတိုးတက်လာသင့်ကြောင်း၊ ယခုနှစ်အတွင်း ပို့ကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ ၂၈၃-၂၈၄ ဘီလီယံ ‌ရောက်ရှိရန် ခန့်မှန်းထားသဖြင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၅-၂၈၉ ဘီလီယံရောက်ရှိရန်ခန့်မှန်းထားကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Chaichan Chareonsuk ကပြောကြားခဲ့သည်။

ကောင်စီအနေဖြင့် ငွေလဲနှုန်းကို ၁ ဒေါ်လာလျှင် ၃၃-၃၅ ဘတ်နှင့် ရေနံစိမ်းဈေးနှုန်းကိုလည်း ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၈၀-၉၀ ခန့်မှန်းထားပါကြောင်း၊ ပြီးခဲ့သည့် ၃ လပတ်တွင် ပို့ကုန်သည် ၅-၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါကြောင်း၊ အတားအဆီးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်၍ ပို့ကုန်များသည် ကောင်းမွန်သောအလားအလာရှိပြီး ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ပြီဖြစ်ကြောင်း၊ စတုတ္ထ ၃ လပတ်တွင်လည်း ၅-၇ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ကြောင်း  ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၁၉ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၈၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးအခြေအနေ၊ ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှုန်းနှင့် မြင့်တက်နေဆဲဖြစ်သော အတိုးနှုန်းများကို မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထူးသဖြင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာများသည် အရေးပါပါကြောင်း၊ အဆိုပါ လုပ်ထုံးလုပ်နည်းများကို နားလည်ထားရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ပြည်ပဈေးကွက်များသို့ ရောက်ရှိပါက ၎င်းတို့၏ ကုန်စည်များတွင် အခက်အခဲများ ကြုံတွေ့ရခြင်း သို့မဟုတ် အကောက်ခွန်နှုန်းထားများ မြင့်မားနိုင်ကြောင်း Mr. Chaichan က သုံးသပ်အကြံပြုပါသည်။

ပြည်တွင်းအချက်များကို လေ့လာကြည့်ပါက အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များကြောင့် လယ်ယာနှင့် စက်မှုလယ်ယာထုတ်ကုန်များအပေါ် သက်ရောက်မှုရှိပါကြောင်း၊ ပို့ကုန်အခြေပြု လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် နည်းပညာများကို ပိုမိုအသုံးပြုရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံတွင် လုပ်သားပြတ်လပ်မှု ကြုံတွေ့နေပါကြောင်း၊ ထုတ်လုပ်မှု၊ ဈေးကွက်နှင့် ကုန်သွယ်မှုများအတွက် အလိုအလျောက်စနစ်တွင် ရင်းနှီးမြှုပ်နှံမှု လိုအပ်နေပါကြောင်း၊ လာမည့်နှစ်တွင် လုပ်အားခစရိတ်နှင့် လုပ်သားပြတ်လပ်မှုဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပါကြောင်း၊ စက်ရုံစီမံခန့်ခွဲမှု၊ စွမ်းအင်ထိထိရောက်ရောက် အသုံးပြုမှုတို့တွင် အလိုအလျောက်စနစ်ကို အသုံးပြုပါက ထုတ်လုပ်မှုလည်း တိုးတက်လာပြီး စွမ်းအင်ကုန်ကျစရိတ်လည်း လျှော့ချရာရောက်ပါကြောင်း Mr. Chaichan က အကြံ ပြုထားပါသည်။

မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံခြားဈေးကွက်များသို့ ကုန်စည်များ တင်ပို့ရာတွင် အထူးသဖြင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုနှင့် သက်ဆိုင်သည့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သေချာစွာလေ့လာ နားလည်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ ထုတ်လုပ်မှုတွင်လည်း နည်းပညာများအသုံးပြုခြင်းနှင့် အလိုအလျောက်စနစ်များ အသုံးပြုခြင်းဖြင့် စွမ်းအင်ချွေတာနိုင်သည့် နည်းလမ်းကိုလည်း စဉ်းစားနိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

 

Category: Thailand