China (HongKong)

ကမ္ဘာ့အနိမ့်ဆုံး corporate tax ၁၅ ရာခိုင်နှုန်း စတင်ကျင့်သုံးခြင်းသည် ဟောင်ကောင်ဒေသ၏ စီးပွားရေးလုပ်ငန်းဆွဲဆောင်မှုကို ထိခိုက်နိုင်

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် ၂၀၂၅ ခုနှစ်မှစတင်၍ နိုင်ငံစုံလုပ်ငန်းကြီးများအပေါ် ကမ္ဘာ့သတ်မှတ်ချက် အနိမ့်ဆုံးနှုန်းထားဖြစ်သည့် လုပ်ငန်းဝင်ငွေခွန် (corporate tax) ၁၅ ရာခိုင်နှုန်း ကောက်ခံသွားခြင်းသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာ၌ အခွန်ဆိုင်ရာ ဆွဲဆောင်မှု လျော့ပါးသွားနိုင်ကြောင်း လုပ်ငန်းရှင်များမှ ပြောကြားခဲ့သည်ဟု South China Morning Post သတင်းဌာနမှ “Global minimum 15% corporate tax may undermine Hong Kong’s tax incentives to attract businesses, lawmaker Robert Lee warns” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ် အတွင်း၌ နိုင်ငံပေါင်း ၁၄၀ ခန့် သဘောတူညီထားသည့် အဆိုပါ အခွန်နှုန်းထား ကောက်ခံသွားမည့် ဆွေးနွေးချက်စာတမ်းကို ဟောင်ကောင်ဒေသအစိုးရမှ ပြီးခဲ့သည့် သီတင်းပတ်အတွင်းထုတ်ပြန်၍ သဘောကောက်ခံထားကြောင်းနှင့် ဆွေးနွေးမှုအတွက် လိုအပ်သည့် ထောက်ခံမှုရရှိပါက လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် ဥပဒေပြုကောင်စီသို့ ပြည်တွင်းအခွန် ဥပဒေပြင်ဆင်ပြောင်းလဲရေး အဆိုပြုလွှာတင်ပြသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကောက်ခံသွားမည့်အခွန်မှာ နိုင်ငံစုံလုပ်ငန်းများ၏ ဝင်ငွေပေါ်တွင် ကောက်ခံသွားမည်ဖြစ်ပြီး၊ ဟောင်ကောင်ဒေသရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအပေါ် သက်ရောက်မှုမရှိကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် အဆိုပါအခွန် ၁၅ ရာခိုင်နှုန်းမှာ ဟောင်ကောင်ဒေသ၏ corporate tax နှုန်းထား ၁၆.၅ ရာခိုင်နှုန်းထက် ၁.၅ ရာခိုင်နှုန်း လျော့နည်းကြောင်း ရေးသားဖော်ပြထားပါသည်။

အကောက်ခွန်စနစ်သစ်အရ ဟောင်ကောင်ဒေသရှိ နိုင်ငံစုံကော်ပိုရေးရှင်းများ၏ အခွန်နှုန်း ၁၅ ရာခိုင်နှုန်းအောက် ကျရောက်နေပါက အခြားသက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် top-up tax ကောက်ခံနိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။

နှစ်စဉ်ဝင်ငွေ အနည်းဆုံး ယူရို သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၈၂၀-၃၈ သန်း) ရှိသော နိုင်ငံစုံလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ဝင်ငွေအပေါ် အနည်းဆုံး ၁၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရန် ရည်ရွယ်ချက်ဖြင့် BEPS 2.0 ဟု ခေါ်ဆိုသည့် ကမ္ဘာ့အနိမ့်ဆုံးအခွန်နှုန်းကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ကြေညာခဲ့ပါသည်။

ထိုသို့ကြေညာခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ဟောင်ကောင်ဒေသသည်လည်း နိုင်ငံပေါင်း ၁၃၀ ကျော်နှင့်အတူ အနိမ့်ဆုံးအခွန်စနစ်ကို အကောင်အထည်ဖော်သွားရန် ကတိပြုခဲ့သောကြောင့် ၂၀၂၅ ခုနှစ်မှစတင်၍ စတင်ကျင့်သုံးသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး Paul Chan Mo-po က ဘဏ္ဍာရေးဆိုင်ရာ မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဥပဒေပြုရေးဆိုင်ရာအဆိုပြုချက် ရေးဆွဲရာတွင် ဟောင်ကောင်ဒေသ၏ ရှိရင်းစွဲ ရိုးရှင်းသေချာပြီး နှုန်းထားနိမ့်သည့် အခွန်စနစ်ကို လက်ကိုင်ထား၍ ဒေသ ၏အခွန်ဆိုင်ရာ ယှဉ်ပြိုင်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုဌာနဖြစ်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်း၏  တာဝန်ယူမှုရှိသည့် အဖွဲ့ဝင်ဒေသတစ်ခုဖြစ်သောကြောင့် ဟောင်ကောင်ဒေသအနေဖြင့် အခွန်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးနှင့် အခွန်ရှောင်ခြင်းကို တားဆီးနိုင်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှုကို အစဉ်တစိုက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ငွေတိုက်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဝန်ကြီး Hui Ching-yu က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)