China (HongKong)

ဟောင်ကောင်ဒေသ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများ သတ်မှတ်

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် ယွမ်ကုန်သွယ်မှု၊ အရည်အချင်းရှိသူများ တိုးတက်ရေးနှင့် green finance ကဏ္ဍများကို လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် နယ်ပယ်များအဖြစ် သတ်မှတ်၍ အာရှဒေသ၏ တတိယအကြီးဆုံး အရင်းအနှီးဈေးကွက် ဖြစ်သည့်ဒေသ၏ အားသာချက်ကို ခိုင်မာအောင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ကြောင်း South China Morning Post သတင်းဌာနမှ “Hong Kong identifies yuan trading, talent growth and green finance as areas for cooperation with Vietnam and Laos” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမဆောင်ရွက်ချက်ပါ အခြားနိုင်ငံများနှင့်အတူ ဗီယက်နမ်၊ လာအိုနိုင်ငံတို့နှင့် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ငွေတိုက်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဝန်ကြီး Christopher Hui Ching-yu က ၎င်း၏ ဘလော့စာမျက်နှာတွင် ရေးသားထားခဲ့ပါသည်။

တရုတ်နိုင်ငံသည် လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)  ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉၇၅.၃ သန်းအထိ မြင့်တက်လာခဲ့သည်ဟု တရားဝင် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၌ ယွမ်ဈေးကွက် အလျင်အမြန်တိုးတက်လာပြီး လက်ရှိအချိန်တွင် တရုတ်ပြည်မပြင်ပအကြီးဆုံး ယွမ်ငွေကုန်သွယ်မှု ဈေးကွက်ဖြစ် ကြောင်း Hui က လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အလေးထားပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအတွင်း ငွေချေးစာချုပ်ရောင်းချမှုကြောင့် ယွမ်ငွေပမာဏ ၃၈၈ ဘီလီယံ အထိ မြင့်တက်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် ၂၀၀၃ ခုနှစ်မှစ၍ ယွမ်ကုန်သွယ်မှုစင်တာ တစ်ခုအဖြစ် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း၌ Hong Kong Exchanges and Clearing (HKEX) မှ စတော့ရှယ်ယာအချို့ကို ယွမ်ငွေဖြင့် စတင်ရောင်းဝယ်ခွင့်ပြုခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ လာအိုနိုင်ငံအားအရှေ့တောင်အာရှ၌ ငါးခုမြောက် ဈေးကွက်အဖြစ် Yuan Clearing Center တစ်ခုလည်ပတ်ဆောင်ရွက်ရန် တရုတ်ပြည်မက ခွင့်ပြုခဲ့ပါသည်။ ထို့ပြင် အောက်တိုဘာလအတွင်း၌ ဟောင်ကောင်ဒေသ အစိုးရမှ ဗီဇာသတ်မှတ်ချက်များ ဖြေလျှော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းသည်လည်း အရည်အချင်းရှိသူများဖလှယ်ရေး တိုးမြှင့်ဆောင်ရွက်ရန် အထောက်အကူပြုကြောင်း ရေးသားဖော်ပြထားပါသည်။  

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်း ရှိခဲ့ကာ အာရှနှင့် ဟောင်ကောင်ဒေသမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ပြီး၊ အချို့သော ဗီယက်နမ် တည်ထောင်စလုပ်ငန်းများ အနေဖြင့်လည်း ဟောင်ကောင်တွင် လာရောက်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ ထို့ပြင်လာအိုနိုင်ငံသားများလည်း ဟောင်ကောင်ဒေသသို့ လာရောက်လေ့လာပြီး၊ လုပ်ငန်းလုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၅၀ တွင် ကာဗွန်အသားတင်ထုတ်လွှတ်မှု “၀” အဆင့်သို့ လျှော့နိုင်ရန် ရည်မှန်းထားသော ဟောင်ကောင်နှင့် ဗီယက်နမ်နိုင်ငံတို့အကြားတွင် Green and sustainable finance မှာ ပူးပေါင်းဆောင်ရွက်နိုင်သည့် နောက်ထပ်နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၅ ဇန်နဝါရီလမှစ၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံချက်နှင့် စပ်လျဉ်းသည့် လိုအပ်ချက်များ ချမှတ်ပြီးပါက HKEX အနေဖြင့် ရာသီဥတုနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက် အတွေ့အကြုံများ မျှဝေသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)