Thailand

ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကား (Electric Vehicle-EV) ရင်းနှီးမြှုပ်နှံမှုတွင် ဂျာမနီနိုင်ငံက စိတ်ဝင်စားမှုရှိသည်ဟု ဝန်ကြီးချုပ် Srettha Thavisin က ပြောကြားခဲ့

Last Updated:

ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier ၏ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည့် ၃ ရက်ကြာခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှုတွင် ဆွေးနွေးခဲ့မှုအရ လျှပ်စစ်မော်တော်ကား ရင်းနှီးမြှုပ်နှံမှုတွင် ဂျာမနီနိုင်ငံက စိတ်ဝင်စားလျက်ရှိကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံသည် ဒေသတွင်း EV အချက်အချာဖြစ်လာနိုင်ကြောင်း ဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါသည်။

သမ္မတ Frank-Walter Steinmeier ၏ခရီးစဉ်သည် ၂၀၀၂ ခုနှစ်တွင် လာရောက်ခဲ့သည့် သမ္မတ Johannes Rau ၏ ခရီးစဉ်ပြီးနောက် ၂၂ နှစ်အကြာမှ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ ဂျာမနီသည် ဥရောပသမဂ္ဂတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး  ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ဂျာမနီနိုင်ငံ၏ တတိယအကြီးဆုံး မိတ်ဖက်ဖြစ်သဖြင့်  နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မဟာဗျူဟာကျ မိတ်ဖက်အဖြစ်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ၂၀၄၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၅၀ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ထုတ်လုပ်မည့် ထိုင်းနိုင်ငံကို  ဂျာမနီကထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

ဂျာမနီက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ထိုင်းနိုင်ငံ၏ EV ရင်းနှီးမြှုပ်နှံမှုတွင် ချဲ့ထွင်သွားရန် စိတ်ဝင်စားမှုရှိကြောင်း၊ ထို့ပြင် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် PM2.5 လေထုညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းပေးရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ်အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဂျာမန်ပုဂ္ဂလိကကဏ္ဍနှင့် တွေ့ဆုံခဲ့မှုတွင် စီးပွားရေးစက်ဝန်းကို မြှင့်တင်မည့် အစိုးရ၏ မူဝါဒ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများလွယ်ကူ ချောမွေ့စေမှု၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုင်းနိုင်ငံ၏ ရထားလမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကို အဆင့်မြှင့်တင်နိုင်မည့် ဘတ် ၁ ထရီလီယံ ကုန်းမြေချိတ်ဆက်မီဂါစီမံကိန်းစသည့် စီးပွားရေးအလားအလာများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များကို ဆွေးနွေးခဲ့ကြောင်း၊ ဥ‌ရောပသမဂ္ဂနှင့် FTA ဆွေးနွေးမှုကို လာမည့်နှစ်တွင် အပြီးသတ်ရန် ခြေလှမ်းစတင်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျာမန်လုပ်ငန်းရှင်များက ထိုင်းနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများ ကျင်းပခြင်းနှင့် ပလတ်စတစ်အမှိုက်မှ ပလတ်စတစ်အလုံးများ ထုတ်လုပ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့တွင် စိတ်ဝင်စားမှုရှိပါကြောင်း၊ ဂျာမန်လုပ်ငန်းရှင်များက ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ၎င်းတို့၏ လိုလားချက်များကို ဆွေးနွေးခဲ့ကြပြီး အစိုးရမှလည်း ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို စဉ်းစားသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ ခရီးသွားလာမှုမြှင့်တင်ရေးအတွက်လည်း ဆွေးနွေးခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် ဂျာမန်ခရီးသွားများ ဦးတည်ရာနေရာဖြစ်ကြောင်း၊ ဂျာမန်နိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခွင့်ကို ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ပေးထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနှင့် FTA ညှိနှိုင်းပြီးစီးပါက ထိုင်းခရီးသွားများအတွက် ရှန်ဂန်းဗီဇာ (Schengen Visa) နှင့်စပ်လျဉ်း၍ အထောက်အကူရနိုင်ကြောင်း၊ EV၊ သန့်ရှင်းသောစွမ်းအင်၊ စီးပွားရေးစက်ဝန်းနှင့် အခြားသောနယ်ပယ်များတွင် နှစ်နိုင်ငံအကျိုးကျေးဇူးရရှိနိုင်ပြီး ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ မဟာဗျူဟာကျသော မိတ်ဖက်ဆက်ဆံရေးစတင်ရန် ဝန်ကြီးချုပ်သည် မတ်လအတွင်း ဂျာမနီနိုင်ငံသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ဖြည့်စွက်ပြောကြားချက်အရ သိရှိရပါသည်။

နိုင်ငံအများစုက သန့်ရှင်းသော စွမ်းအင်ဖြစ်စေရေး ဦးတည်လာကြပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို ဦးစားပေးနိုင်ရေး စဉ်းစားလာကြသည်ကို လေ့လာသိရှိရပါသည်။ ထို့အတူ ထိုင်းနိုင်ငံသည်လည်း ၂၀၄၀ ပြည့်နှစ်တွင် ပြည့်မီရန် မျှော်မှန်းထားသည့် ဦးတည်ချက်အတွက် အဆင့်မြင့်နည်းပညာဖွံ့ဖြိုးလျက်ရှိသော ဂျာမနီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အကျိုးကျေးဇူးရရှိနိုင်သည့် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand