အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ဖော်ပြနိုင်သည့် ဖြစ်ရပ်(၃)ခုနှင့် ပတ်သက်၍ Wall Street Journal အွန်လိုင်းသတင်းတွင် ၈-၂-၂၀၂၄ ရက်နေ့၌ “The Confusingly Strong Economy Told in Three Stories” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၏ ဗဟိုဘဏ်အတိုးနှုန်းသည် နှစ်ပေါင်း (၄၀) အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ သော်လည်း စီးပွားရေးမှာ အံ့ဩစရာကောင်းအောင် ခံနိုင်ရည်စွမ်းမြင့်မားလျက်ရှိပါကြောင်း၊ ဤအခြေ အနေကို အမေရိကန်ဗဟိုဘဏ်အပါအဝင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီက ရှင်းလင်းဖော်ပြရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း ဖြစ်ရပ်တစ်ခုတည်းဖြင့် ရှင်းပြရန်ခက်ခဲသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါအခြေအနေကို ရှင်းပြနိုင်သည့်ဖြစ်ရပ်(၃)ခုရှိပြီး ၎င်းတို့ကိုအောက်ပါအတိုင်းတွေ့ရှိရပါသည် -
(က) ကုန်ထုတ်လုပ်မှုတိုးတက်လာခြင်း။ ၂၀၂၂ ခုနှစ်မှစ၍ ပုဂ္ဂလိကလုပ်ငန်းများ၏ တစ်နာရီ ကုန်ထုတ်လုပ်မှုသည် မြင့်တက်ခဲ့ပြီးနောက်တွင် ဗဟိုဘဏ်အတိုးနှုန်းလည်း မြင့်တက်ခဲ့ ကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးလာခြင်းမှာ အလုပ်သမားများအနေဖြင့် လုပ်ခလစာ ကောင်းပြီး ကုန်ထုတ်လုပ်နှုန်းမြင့်သည့် အလုပ်များသို့ပြောင်းရွှေ့လုပ်ကိုင်ကြ၍ ဖြစ်ပါ ကြောင်း၊ စီးပွားရေးတိုးတက်လာခြင်းကြောင့် တက္ကသိုလ်ဘွဲ့ရလူငယ်များကို အလုပ်အကိုင် ခန့်ထားမှုများလာပြီး အလုပ်လက်မဲ့နှုန်းသည် နှစ်ပေါင်း (၅၀) အတွင်း အနိမ့်ဆုံးသို့ကျဆင်း လာခဲ့ကြောင်း၊ ဉာဏ်ရည်တု (Artificial Intelligence – AI) နည်းပညာအသုံးပြုခြင်းကြောင့် ကုန်ထုတ်လုပ်မှုမြင့်တက်လာခဲ့ကာ ကုန်ထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့် စီးပွားရေးအခြေအနေကောင်းမွန်လာခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်သော်လည်း စီးပွားရေးကောင်းမွန်သဖြင့် အတိုးနှုန်းမြင့်မားမှုကို ခံနိုင်ရည်ရှိလာခြင်း ဖြစ်ကြောင်း၊
(ခ) အစိုးရ၏ ငွေကြေးထောက်ပံ့မှုများကြောင့် အရာအားလုံးအဆင်ပြေချောမွေ့လာခြင်း။ ၂၀၂၃ ခုနှစ်တွင် စီးပွားရေးတိုးနှုန်းနှေးကွေးခဲ့သော်လည်း ဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် (၆.၂) ရာခိုင်နှုန်းသို့ တိုးလာခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် အသုံးစရိတ်လျှော့ချခြင်း၊ ငွေကြေးအထောက်အပံ့ကို ပယ်ဖျက်ခြင်းဖြင့် တုန့်ပြန်ဆောင်ရွက်နိုင်သော်လည်း ဤသို့ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးတိုးနှုန်းကို နှေးကွေးစေကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် အသုံးစရိတ်လျှော့ချခြင်းနှင့် ငွေကြေးအထောက်အပံ့ကို ပယ်ဖျက်ခြင်း သို့မဟုတ် ဆက်လက်ထားရှိခြင်းတို့ ဆောင်ရွက်နိုင်ပြီး ဤအချက်နှစ်ချက်အနက် တစ်ခုခုကို ရွေးချယ်သော်လည်း မည်သည့်အခြေအနေမျှ ကောင်းမွန်စွာ အဆုံးသတ်နိုင်မည်မဟုတ်ကြောင်းနှင့် နှစ်ချက်စလုံးမှာ စိုးရိမ်ရသည့် အခြေ အနေဖြစ်ပါကြောင်း၊
(ဂ) ငွေကြေးမူဝါဒ၏သက်ရောက်မှုသည် ပုံမှန်ထက်ပို၍ကြာမြင့်နေခြင်း။ အတိုးနှုန်းတိုးမြှင့် ခြင်းသည် ထိရောက်မှုမရှိသည်မှာ သိသာထင်ရှားလျက်ရှိပါကြောင်း၊ အတိုးနှုန်းတိုးမြှင့်မှုကြောင့် ဝယ်လိုအားလျော့ကျသွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် စီးပွားရေးမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း၊ အတိုးနှုန်းမြင့်မားသော်လည်း စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အိမ်ဈေးကွက်ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာခြင်း မရှိသည်ကိုတွေ့ရကြောင်း၊ ကုမ္ပဏီကြီးများနှင့် အိမ်ပိုင်ရှင်များမှာ အတိုးနှုန်းနည်းနည်းဖြင့် ချေးငွေယူထားပြီး အမေရိကန်ဗဟိုဘဏ်က ငွေကြေးမူဝါဒကို တင်းကျပ်လိုက်ခြင်းကြောင့် ၎င်းတို့၏ဝင်ငွေကို ထိခိုက်မည့်အစား အတိုးနှုန်းမြင့်လာသဖြင့် ၎င်းတို့၏စုငွေအတွက် အတိုးနှုန်းပို၍ရရှိလာကြသည်ကို တွေ့ရပါကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံသားတိုင်း အကျိုးအမြတ်ရရှိခြင်းမဟုတ်ဘဲ အထူးသဖြင့် ကုမ္ပဏီငယ်များနှင့် ချေးငွေပြန်လည် ပေးဆပ်နိုင်မှု အဆင့်သတ်မှတ်ချက်နိမ့်သည့် (Poor credit rating) ကုမ္ပဏီများသည် ချေးငွေ ယူရာတွင်ကာလတိုတောင်းခြင်း၊ ၎င်းချေးငွေကိုပြန်ဆပ်ရန် အတိုးနှုန်းမြင့်သည့်ချေးငွေယူ၍ ပြန်ပေးဆပ်ရခြင်းတို့ကြောင့် ထိခိုက်မှုရှိပါကြောင်း၊ အကြွေးဝယ်ကဒ်ဖြင့် ငွေချေးသူများ သို့မဟုတ် တစ်ပတ်ရစ်(အသုံးပြုပြီးသား)မော်တော်ယာဉ်ဝယ်ယူသူ လူငယ်များအနေဖြင့် အကြီးမားဆုံး ပြဿနာနှင့် ကြုံတွေ့ရပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကပြဿနာမှာ အထက်ဖော်ပြပါ ဖြစ်ရပ်(၃)ခုစလုံးသည် မတူညီသည့်ခန့်မှန်းချက်များသို့ ဦးတည်နိုင်သည်အလားအလာရှိခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်သည့် ခန့်မှန်းချက်များမှာ လွဲမှားမှုရှိနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)