Thailand

ထိုင်းနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုမြှင့်တင်ရန်အတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုမြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ ၃ စောင်ကို ဧပြီလအတွင်းတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jakkapong Sangmanee က ပြောကြားခဲ့ပါသည်။

ကာဇက်စတန်၏ မြို့တော် အက်တနာ (Astana) နှင့် မြို့ကြီးတစ်မြို့ဖြစ်သည့် အယ်မာတီ (Almaty) မြို့များသို့ သွားရောက်မည့် ထိုင်းရင်းနှီးမြှုပ်နှံသူများအဖွဲ့ကို ဒုတိယဝန်ကြီး Mr. Jakkapong နှင့် ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန Ms. Sudawan Wangsuphakijkosol တို့က ဦးဆောင်ခဲ့ပါကြောင်း၊ အစားအစာထုတ်လုပ်သည့်နေရာများ၊ စီးပွားရေးအရ အရေးပါသော နေရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်သည့် ပုံစံများကို သွားရောက် လေ့လာခဲ့ပါကြောင်း၊ စကိတ်အပန်းဖြေကွင်းသည် ဆောင်းရာသီကာလတွင် ကာဇက်စတန်နိုင်ငံ၏ ခရီးသွားဆွဲဆောင်သည့် နေရာဖြစ်ကြောင်း၊ နွေရာသီကာလအတွက် နိုင်ငံခြား ခရီးသွားများ ဆွဲ ဆောင်နိုင်သည့် နေရာများစွာရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် ကာဇက်စတန် ခရီးသွားအရေအတွက်သည် ၁၇၂,၀၀၀ ဖြစ်ကြောင်း၊ အများစုမှာ မိသားစုနှင့် စုံတွဲများဖြစ်ကြောင်း၊ ၁၄ ရက်ကြာနေထိုင်ခဲ့ကြပြီး ကမ်းခြေအပန်းဖြေနေရာများတွင် အများဆုံးဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ကာဇက်ခရီးသွား ၂၀၀,၀၀၀ ကျော် ဝင်ရောက်ရန် ခန့်မှန်းထားပါကြောင်းသိရှိရပါသည်။

နားလည်မှုစာချွန်လွှာအပြင် ကာဇက်ခရီးသွားများအတွက် ၆ လကြာ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ခြင်းသည်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်မှုပင်ဖြစ်သည်ဟု ကာဇက်စတန်နိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံ သံအမတ်ကြီး Lt Chatchawan Sakornsin က ဖြည့်စွက်ပြောကြားခဲ့ကြောင်း၊ ကာဇက်စတန် နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာများစွာရှိကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်ရေး ဘုတ်အဖွဲ့၏ ဦးဆောင်ကော်မတီမှ Mr. Chanintr Chalisarapong က မှတ်ချက်ပြု ပြောကြားခဲ့ပါ သည်။

ထိုင်းနိုင်ငံသည် အဓိက ဈေးကွက်နိုင်ငံများ၏ စီးပွားရေး ပြန်လည်ကောင်းမွန်မှုနှေးကွေးနေခြင်းနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် လက်ရှိပို့ကုန်ဈေးကွက်များအပြင် ဈေးကွက်သစ်များ ချဲ့ထွင်နိုင်ရေးအတွက်  အလားအလာကောင်းသော နိုင်ငံများသို့ စီးပွားရေး သံတမန် နည်းလမ်းကို အသုံးချခြင်းဖြင့် ပိုမိုခိုင်မာသော မိတ်ဖက်ဆက်ဆံရေးများတည်ဆောက်ခြင်း၊ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ မြှင့်တင်လိုသည့် နယ်ပယ်ဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand