Germany

German Economic Institutes မှ ဂျာမန်စီးပွားရေး တိုးတက်မှုခန့်မှန်းချက်ကို ၀.၁ ရာခိုင်နှုန်းသို့ လျှော့ချ

Last Updated:

ထိပ်တန်းစီးပွားရေးအကြံပေးအဖွဲ့တစ်ဖွဲ့သည် ၂၀၂၄ ခုနှစ်အစောပိုင်းက ၎င်းတို့ပြုလုပ်ခဲ့သော ဂျာမန်စီးပွားရေးအပေါ် ခြောက်လတာ စုပေါင်းဆန်းစစ်ချက်များကို ၂၇-၃-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“Debt Brake ကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်းသည် နာလန်မထူနိုင်သော ဂျာမန်စီးပွားရေးကို အလုံးစုံကုစားနိုင်မည်မဟုတ်”ဟု ခေါင်းစဉ်တပ်ထားသည့် ယင်းအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် အတွက် တိုးတက်မှု ခန့်မှန်းချက်အား ၁.၂ ရာခိုင်နှုန်းမှ စီးပွားရေးကျဆင်းလုနီးပါး ဖြစ်စေသော ၀.၁ ရာခိုင်နှုန်းအထိ ပြန်လည်ပြင်ဆင်ခဲ့သည်။

ဂျာမနီ၏စီးပွားရေးသည် ရုန်းကန်နေရဆဲဖြစ်ပြီး တိုးတက်မှုနှေးကွေးနေသဖြင့် ယင်းစီးပွားရေး အားနည်းမှုအဆင့်သည် မကြာသေးမီကာလအထိ ဆက်လက် တည်ရှိနေကြောင်းနှင့် စီးပွားရေး နှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအချက်နှစ်ရပ်စလုံးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေခဲ့ကြောင်း အစီရင်ခံစာ၏ အကျဉ်းချုပ်က ဆိုထားပါသည်။ အခြေအနေများမှာ မကြာမီတွင် တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း ယင်းရွေ့လျားမှုသည် စီးပွားရေးအားလုံးအတွက် အကောင်းဆုံး  ဖြစ်လိမ့် မည် မဟုတ်သေးကြောင်း ကြိုတင်အသိပေးထားခဲ့သည်။

ထို့ပြင် ငွေကြေးဖောင်းပွမှုနှုန်းနှေးကွေးလာပြီး လုပ်ခများ ကဏ္ဍများစွာတွင် မြင့်တက်လာမှုကြောင့် စားသုံးသူများနှင့် ၎င်းတို့၏ ဝယ်ယူနိုင်စွမ်းပြန်လည်တိုးတက်လာခြင်းသည် စီးပွားရေး ပြန်လည် ဦးမော့လာရေးအတွက် အရေးကြီးဆုံး အားဖြည့်လောင်စာဖြစ်လိမ့်မည်ဟု အစီရင်ခံစာက ဆိုထားပါသည်။

"စုပေါင်းဆန်းစစ်ချက်" ဟု ခေါ်တွင်သော ယင်းအစီရင်ခံစာကို ဘာလင်ရှိ DIW၊ Kiel ရှိ IfW၊ Halle ရှိ IWH၊ Essen ရှိ RWI နှင့် Munich ရှိ Ifo တို့ကဲ့သို့သော ထိပ်တန်း German Economic Institute များက ပူးပေါင်းပြုစုထားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာတွင်သာမက ပြည်တွင်း၌ပါ စီးပွားရေးအရ အဆင်ပြေချောမွေ့မှုထက် အဟန့်အတား များကိုသာ  ပိုမိုဖြစ်စေကြောင်း အစီရင်ခံစာက ဆိုထားပါသည်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်းတွင် နိုင်ငံတကာ၌ စီးပွားရေး ပြန်လည်ဦးမော့လာခဲ့ပြီဖြစ်သော်လည်း ဂျာမနီတွင်မူ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာပြီးနောက် ဂျာမန်ပို့ကုန်တင်ပို့ရမှု  ကျဆင်းသွား ခဲ့သည်။ ယင်းမှာ အခြေခံအားဖြင့် အရင်းအနှီးရရှိမှုနှင့် အလယ်အလတ်ကုန်စည်များအပေါ် ၀ယ်လိုအား ကျဆင်းနေခြင်းကြောင့်ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် အထူးကောင်းမွန်သော စက်ယန္တရားများကို ဝယ်ယူရခြင်းသည် လုပ်ငန်းများအတွက် ရေရှည်ကောင်းမွန်သော်လည်း ခက်ခဲသောအချိန်ကာလများတွင် ဝယ်ယူရသည့်အတွက် မြင့်မားသော စရိတ်စကများကြောင့် ကုမ္ပဏီများအား အခက်တွေ့စေခဲ့သည်။ လျှပ်စစ်စျေးနှုန်းများ ဆက်တိုက်ကျဆင်းနေခြင်းနှင့် ထုတ်လုပ်မှုအချို့ကို ပြင်ပမှရရှိနေခြင်းတို့ကြောင့် ဂျာမနီနိုင်ငံထုတ် စွမ်းအင်သုံးကုန်ပစ္စည်းများမှာ စျေးနှုန်းပြိုင်ဆိုင်မှုများနှင့် ကြုံတွေ့နေရသည် ဟုလည်း အစီရင်ခံစာက ဆိုထားပါသည်။

ယခုနှစ်အစောပိုင်းကာလဖြစ်သော ဒုတိယနှစ်ဝက်မတိုင်မီ ကာလတွင် စီးပွားရေး တဖြည်းဖြည်း တိုးတက်လာမှုရှိမည်ကို ခန့်မှန်းနိုင်သော်လည်း ၂၀၂၅ ခုနှစ် တွင်မူ နိုင်ငံတကာကုန်သွယ်မှုသည် စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်လာလိမ့်မည်ဖြစ်သည့်အတွက် ယခုနှစ်တွင် ပြည်တွင်းစားသုံးမှုအပေါ် ပိုမိုအာရုံစိုက်သင့်ကြောင်း ၎င်းအစီရင်ခံစာက ဆိုထားခဲ့သည်။

စီးပွားရေးအကြံပေးအဖွဲ့က ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းထားသော တိုးတက်မှုသည် ၁.၅ ရာခိုင်နှုန်းမှ ၁.၄ ရာခိုင်နှုန်းသို့သာ ပြင်ဆင်ခဲ့ခြင်းဖြစ်သည့်အတွက် ပြောင်းလဲမှုအနည်းငယ်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊  သို့သော်လည်း ဤကဲ့သို့ ပြင်ဆင်လျှော့ချမှုသည် ၂၀၂၄ ခုနှစ်အတွက် နိမ့်ကျနိုင်သည်ဟု မျှော်မှန်းထားသော အခြေခံအချက်တွင်လည်း ပါ၀င်ကြောင်း အစီရင်ခံစာက မှတ်ချက်ပေးထားပါသည်။

ဗဟိုဘဏ်အတိုးနှုန်းနှင့် ကာလတိုချေးငွေအတိုးနှုန်းများကို မကြာမီကာလအတွင်း လျှော့ချမည် ဟု မျှော်မှန်းထားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အပေါင်ခံခြင်းကဲ့သို့သော လုပ်ငန်းများ၏ ရေရှည်အတိုးနှုန်းများမှာ ကြီးမားစွာ ပြောင်းလဲမှုရှိလိမ့်မည်ဟု မမျှော်လင့်ထား သော်လည်း နောက်ပိုင်းတွင် ဈေးနှုန်းများကျဆင်းသွားသည့်အတွက် အိမ်ရာဈေးကွက် ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဂျာမန်အစိုးရသည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ၎င်း၏ စီးပွားရေးဆိုင်ရာ ခန့်မှန်း ချက်များကို ပြန်လည်ပြင်ဆင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အကုန်တွင် နည်းပညာဆိုင်ရာ ကျဆင်းမှုများ ရှိနိုင်ကြောင်း သတိပေးခဲ့ပါသည်။

ဂျာမန်ဂျီဒီပီသည် ၂၀၂၃ ခုနှစ်၏ နောက်ဆုံးသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၀.၃ ရာခိုင်နှုန်း အထိ ကျုံ့သွားခဲ့ပြီး၊ အနှုတ်လက္ခဏာဆောင်သော တိုးတက်မှုအနေဖြင့် သုံးလပတ် နှစ်ပတ် ဆက်တိုက်ရှိခဲ့ပါသည်။

နောက်ထပ်အခြေအနေကို ပိုမိုဆိုးရွားစေသော အချက်တစ်ချက်မှာ မကြာမီကာလများအတွင်း က ဂျာမနီရှိ ရထားလမ်းကွန်ရက်နှင့် လေကြောင်းခရီးနှစ်ခုစလုံးကို ထိခိုက်စေသည့် သပိတ် မှောက်မှုများဖြစ်ပြီး၊ ဖျက်သိမ်းလိုက်ရသော လေကြောင်းနှင့် ရထားခရီးစဉ်များကြောင့် အခြား ကဏ္ဍများကိုပါ ထိခိုက် ကျဆင်းသွားစေနိုင်ပါသည်။

သို့သော်လည်း ဂျာမန်နိုင်ငံပိုင် မီးရထားလုပ်ငန်း Deutsche Bahn နှင့် GDL ရထား ယာဉ်မောင်း များသမဂ္ဂတို့အကြား ကြီးမားသော အလုပ်သမား အငြင်းပွားမှုတစ်ခုကို လအတန်ကြာ ညှိနှိုင်းမှု များပြုလုပ်ခဲ့ပြီးသည့်နောက် ယခုသီတင်းပတ်အစောပိုင်းတွင် အောင်မြင်မှုရှိသော သဘောတူညီ ချက်ဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

 

 

Source:         https://www.dw.com/en/german-economic-institutes-cut-2024-growth-forecast-to-01/a-68676812

(စီးပွားရေးသံမှူး၊ ဘာလင်)

 

Category: Germany