China(Nanning)

တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ထိုင်းဒူးရင်းသီးများကို တရုတ်စားသုံးသူများထံ ပို့ဆောင်ပေးခဲ့

Last Updated:

တရုတ်-လာအို မီးရထားလမ်းကြောင့် ထိုင်းမှတင်ပို့သူများသည် တရုတ်နိုင်ငံသို့သစ်သီးများပို့ဆောင်ရန် ပို၍လွယ်ကူလာခဲ့သဖြင့် ယခုအခါတရုတ်စားသုံးသူများသည် လတ်လတ်ဆတ်ဆတ် ဒူးရင်းသီးများကို မြည်းစမ်းနိုင်ကြောင်းသိရှိရပါသည်။

ယခုနှစ်တွင် ဒူးရင်းသီးများကို အမြင့်ဆုံးဈေးနှုန်းဖြင့် ရောင်းချခဲ့သော်လည်း ရောင်းချမှု၌ လုံးဝစိုးရိမ်စရာမလိုကြောင်း ယူနန်ပြည်နယ်ရှိ အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းသူတစ်ဦးဖြစ်သည့် Liu Yudong ကပြောကြားခဲ့ကြောင်း၊ အလေးချိန် (၁၇) ကီလိုဂရမ်ခန့်ရှိသော ဒူးရင်းသီးသေတ္တာတစ်လုံးကို ယခင်နှစ်များတွင် ယွမ် (၅၀၀)ခန့် (အမေရိကန်ဒေါ်လာ ၇၁ ဒေါ်လာခန့်)ဖြင့် ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ယွမ် (၈၀၀)ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။ ၎င်း၏အဆိုအရ ဧပြီလ၌ ယူနန်ပြည်နယ်တစ်ခုတည်းတွင် နေ့စဉ်ဒူးရင်းသီး အလုံး(၇၀,၀၀၀)မှ (၈၀,၀၀၀) အထိ ရောင်းချခဲ့ရကြောင်းသိရှိရပါသည်။

Liu Yudong ၏ စီးပွားရေးလုပ်ငန်းသည် တရုတ်-လာအိုမီးရထားလမ်းကို အဓိကအသုံးပြုလျက်ရှိကြောင်း၊ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြိုနှင့် ဆက်သွယ်ထားပြီး ၂၀၂၁ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ရထားလမ်းမှတစ်ဆင့် သစ်သီးများသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုကို စတင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

တရုတ်-လာအိုမီးရထားလမ်းကို အသုံးချခြင်းဖြင့် ထိုင်းနိုင်ငံမှ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ရောက်ရှိရန် သယ်ယူပို့ဆောင်ချိန်သည် ယခုနှစ်တွင် (၃)ရက်ခန့်အထိ သိသိသာသာလျော့ကျသွားကြောင်းနှင့် သယ်ယူပို့ဆောင်ရေးနှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ထုံးလုပ်နည်းများတွင်  အခက်အခဲများကိုဖယ်ရှားထားသည့်အတွက် ဒူးရင်းသီးများကို အရည်အသွေးကောင်းမွန်စွာဖြင့် တင်သွင်းနိုင်ကြောင်း သိရှိရပါသည်။

ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းဒူးရင်းသီးများအတွက် အကြီးမားဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး စုစုပေါင်းဒူးရင်းသီးပို့ကုန်ပမာဏ၏ (၉၆) ရာခိုင်နှုန်းကျော်ရှိ၍ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃.၀၉) ဘီလီယံရှိကြောင်းသိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့ထိ စာရင်းအရ တရုတ်နိုင်ငံသို့တင်သွင်းသည့် မင်းဂွတ်သီး၊ ဒူးရင်းသီး၊ လောင်ဂန်သီးနှင့် အခြားသစ်သီးများ (၁၇,၂၀၀)တန်ကို တရုတ်-လာအိုမီးရထားလမ်းမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာကတည်းက သယ်ယူပို့ဆောင်ခဲ့ကြောင်း China Railway Kunming Group Co., Ltd.က ဖော်ပြထားကြောင်းသိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202305/25/WS646f3057a310b6054fad51e2.html

စီးပွားရေးသံမှူး၊ နန်နင်း

Category: China(Nanning)