Thailand

ထိုင်းအစားအစာများအပေါ် သတ်မှတ်စံနှုန်းများ မြင့်တက်လာသဖြင့် ၁၀ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ရန် သတ်မှတ်ထား

Last Updated:

ထိုင်းအစားအစာများကို ဝယ်လိုအားမြင့်တက်လာမှု၊ အစားအစာများ၏ အရည်အသွေး၊ လုံခြုံ စိတ်ချရမှုနှင့် အဆက်မပြတ်ထုတ်လုပ်နိုင်မှုများအပေါ် ထိုင်း၏စံနှုန်း မြင့်မားလာခြင်းတို့ကြောင့် အစားအစာပို့ကုန်တင်ပို့နိုင်မှုကို ၁၀ ရာခိုင်နှုန်းထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် မေလ ၂၃ ရက်နေ့မှ စတင်၍ ၅ ရက်ကြာ ကျင်းပသွားမည့် THAIFEX-ANUGA ASIA 2023 ၏ ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီး Mr. Jurin Laksanawisit က ယခုနှစ်အတွင်း အစားအစာ တင်ပို့နိုင်မှုမှ ထိုင်းဘတ် ၁.၅၅ ထရီလီယံ ရရှိရန် မျှော်လင့်ထားကြောင်း၊  ပြပွဲတွင် နိုင်ငံ ၁၄၀ နိုင်ငံမှ ကုမ္ပဏီ ၃၀၀၀ ကျော်က ပြခန်း ၆၀၀၀ ခန့် လာရောက်ပြသကြပါကြောင်း၊ ထိုင်းနိုင်ငံ၏ လယ်ယာ ထွက်ကုန်နှင့် သီးနှံများ၏ တင်ပို့နိုင်မှုသည် သင့်တင့်သော ဈေးနှုန်းများ ရရှိပြီး ကောင်းမွန်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းအပြင်  ယခုနှစ်အတွင်း ထိုင်းဆန် တင်ပို့မှုကို တန် ၈ သန်းထိရောက်ရှိရန် ခန့်မှန်းထားပြီး ပီလောပီနံနှင့် အခြားသော လတ်ဆတ်သီးနှံများလည်းအပါအဝင်ဖြစ်ကြောင်း၊ ပထမ ၃ လပတ်အတွင်း တင်ပို့နိုင်ခဲ့သည့် ကုန်စည်များမှာ သကြား၊ ဆန်၊ ကြက်သားနှင့် လတ်ဆတ်အသီးအနှံများဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းအစားအစာထုတ်လုပ်သည့်အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Mr. Visit Limlurcha က အစားအစာတင်ပို့မှုကို ၃-၅ ရာခိုင်နှုန်းတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍမှလည်း ခန့်မှန်းထားကြောင်း၊ ယင်းခန့်မှန်းမှုများသည် ကုန်ကြမ်းရရှိမှုပေါ်တွင် မူတည်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် မိုးခေါင်ခြင်းနှင့် ပူပြင်းလာသော ရာသီဥတုအပေါ် စိတ်ပူပန်မိကြောင်းနှင့် ရေစီမံခန့်ခွဲမှုကို ကောင်းစွာဆောင်ရွက်နိုင်မည်ဆိုပါက ခန့်မှန်းထားသည့်အတိုင်း ၁၀ ရာခိုင်နှုန်း တိုးတက်မှုရရှိနိုင်မည်ဖြစ်ကြောင်း ၎င်း၏အမြင်ကို မျှဝေခဲ့ပါသည်။

 

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkokpost.gov   

Category: Thailand