Thailand

ထိုင်းနိုင်ငံ၊ တောင်သူလယ်သမားများအတွက် ဆောင်ရွက်ပေးမည့် ချေးငွေအစီအစဉ်နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ရှင်းလင်းပြောကြား

Last Updated:

စိုက်ပျိုးရေးနှင့် သမဝါယမဘဏ်တွင် အချိန်စေ့လွန်ကြွေးကျန် (Non-performing Loan-NPL) ရှိသော တောင်သူလယ်သမားများသည် ကြွေးမြီပြန်လည်တည်ဆောက်ရန် မလိုအပ်ဘဲ ချေးငွေဆိုင်းငံ့ပေးခြင်းအစီအစဉ်တွင် ပါဝင်နိုင်ကြောင်း၊ ယင်း တောင်သူလယ်သမားများသည် စိုက်ပျိုးရေးနှင့် သမဝါယမဘဏ်မှ ချေးယူထားသည့် အချိန်စေ့လွန်ကြွေးကျန် အပါအဝင် ချေးငွေစုစုပေါင်းသည် ယခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် ဘတ် ၃၀၀,၀၀၀ ထက် ကျော်လွန်ခြင်းမရှိရန် လိုအပ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၏ အတွင်းရေးမှူးဖြစ်သူ Mr. Paopoom Rojanasakul က ရှင်းလင်းပြော ကြားခဲ့ပါသည်။

ယခင်က အချိန်စေ့လွန်ကြွေးကျန်ရှိသူများသည် အစီအစဉ်တွင်ပါဝင်လိုပါက ကြွေးမြီပုံစံ ပြန်လည်ရေးဆွဲရမည်ဟု နားလည်မှုလွဲခဲ့ပါကြောင်း၊ စိုက်ပျိုးရေးနှင့် သမဝါယမဘဏ်၏ အချိန်စေ့လွန် ကြွေးကျန်များကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည့် ပုံမှန်မြီရှင်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် မက်လုံးတစ်ခုအနေဖြင့် ကြွေးမြီအုပ်စုများအတွက် အတိုးများကို အစိုးရက ၃ လကြာ ပေးချေပေးမည်ဖြစ်ကြောင်း၊ လစဉ်အရစ်ကျပေးသွင်းမှုကို ကြွေးမြီဝန်ထုပ်ဝန်ပို့လျှော့ချရေးအတွက် ကြွေးမြီအရင်း လျှော့ချရာတွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ဆောင်ရွက်သွားမည့် အစီအစဉ်ကို ဖြည့်စွက်ရှင်းလင်းပါသည်။

အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ထိုင်းဘဏ်၏ ငွေစာရင်းကုဒ်အမှတ် ၂၁ တွင် အကျုံးဝင်သောလုပ်ငန်းများကို ကြွေးမြီပေးဆပ်မှုကို ၁ နှစ်ဆိုင်းငံ့ပေးရန် အစီအစဉ်ရှိပါကြောင်း၊ အဆိုပါ အုပ်စုတွင် လုပ်ငန်း ၃ သန်းခန့်ရှိပြီး ကြွေးမြီ ဘတ် ၃၀၀ ဘီလီယံခန့်ရှိကြောင်း၊ အရင်းပေါ်သာ သို့မဟုတ် အရင်းနှင့်အတိုး ၂ ခုလုံးပေါ်တွင် ကြွေးမြီဆိုင်းငံ့ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် စဉ်းစားနေဆဲဖြစ်ကြောင်း၊ အစိုးရပိုင်ဘဏ္ဍာရေး အဖွဲ့အစည်းထံမှ ချေးယူထားသူများသာ အကျုံးဝင်ကြောင်း ဆက်လက်ရှင်းလင်းပါသည်။

ကုန်သွယ်ရေးဘဏ်များမှ ချေးငွေရယူထားသည့် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဝန်ကြီးဌာနနှင့် ထိုင်းဘဏ်တို့သည် ယင်းကုန်သွယ်ရေးဘဏ်များနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် တောင်သူလယ်သမားများအတွက် ၃ နှစ်ကြာ ကြွေးမြီဆိုင်းငံ့မှုကို အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ပါကြောင်း၊ အစိုးရကို ဘတ် ၃၀ ဘီလီယံခန့် ကုန်ကျစေမည်ဖြစ်ကြောင်း၊  ဆိုင်းငံ့မှုအစီအစဉ်သည် အောက်တိုဘာ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ် ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ထိ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် သမဝါယမဘဏ်မှ ချေးယူ ထားသူ ၆၄ ရာခိုင်နှုန်းဖြစ်သော တောင်သူလယ်သမား ၂.၆၉ သန်းသည် ချေးငွေဆိုင်းငံ့မှုအစီအစဉ်တွင် ပါဝင်မည်ဖြစ်ပါသည်။

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊  ဗန်ကောက်မြို့)

Category: Thailand