Thailand

ထိုင်းနိုင်ငံရှိ စက်မှုဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ထိုင်ဝမ်နှင့် ဆွေးနွေးလျက်ရှိကြောင်း ထိုင်းနိုင်ငံ၊ စက်မှုဇုန်အာဏာပိုင်ပြောကြား

Last Updated:

ထိုင်ဝမ်လျှပ်စစ်ပစ္စည်းများနှင့် ပုံနှိပ်ဆားကစ်ပြား ကုမ္ပဏီများသည် ရယောင်၊ စမတ်စီးတီးရှိ စက်မှုဇုန်သစ်တွင် ၎င်းတို့၏ ထုတ်လုပ်မှုလုပ်ငန်းများကို ချဲ့ထွင်သွားရန် စိတ်ဝင်စားမှုရှိပါကြောင်း၊ Eastern Economic Corridor (ECC) တွင် စက်ရုံမြေနေရာ ရလိုသော ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူ ၂၀ ဦး ခန့်ဖြင့် ဆွေးနွေးလျက်ရှိပါကြောင်း စက်မှုဇုန်အာဏာပိုင် ဥက္ကဋ္ဌဖြစ်သူ Mr. Veeris Ammarapala က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့အကြား တင်းမာမှု၏ သက်ရောက်မှုကို ရှောင်ရှားရန် နိုင်ငံ ပြင်ပတွင် ထုတ်လုပ်မှုများကို ပြောင်းရွှေ့လိုကြကြောင်း၊ ထိုင်ဝမ်ရှိ လျှပ်စစ်ကုမ္ပဏီများသည် စက်မှုလုပ်ငန်းများ စွာအတွက် လျှပ်စစ်ပစ္စည်းများကို အဓိကထောက်ပံ့ပေးနေသူများ ဖြစ်ကြောင်း၊ ကမ္ဘာ့ဈေးကွက်ဝေစုတွင် ၃၅ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ထိုင်ဝမ်လုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုအောင်မြင်ခဲ့ပါက စက်မှုဇုန်အာဏာပိုင်အနေဖြင့် စက်မှုဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ထိုင်ဝမ်လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများအသင်းနှင့် ဖက်စပ်ဖွဲ့ စည်းသွားမည် ဖြစ်ကြောင်း၊ စမတ်စီးတီးရှိ စက်မှုဇုန်သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အထူးအခွင့်အရေးများ ရရှိထားသော ထိုင်ဝမ်ကုမ္ပဏီများစွာ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ  ထိုင်ဝမ်လျှပ်စစ်ပစ္စည်းများနှင့် ပုံနှိပ်ဆားကစ်ပြား ထုတ်လုပ်သူများက တင်ပြလာသော ရင်းနှီး မြှုပ်နှံမှု တန်ဖိုး ဘတ် ၃၀ ဘီလီယံရှိသော စီမံကိန်း ၂၀ ခုအတွက် ခွင့်ပြုပေးခဲ့ပါကြောင်း Mr. Veeris က ဆက်လက်ပြောကြားပါသည်။

စင်ကာပူနှင့် အာဆီယံဒေသတွင်းအခြားသော နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်လိုပြီး ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးပစ္စည်းဈေးကွက်တွင် ပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်းရှိသော ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ (Taiwan Semiconductor Manufacturing Co-TSMC) နှင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လိုသည့် ထိုင်းနိုင်ငံအစိုးရ၏ အစီအစဉ်အရ ယင်းကုမ္ပဏီကို ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း၊ ပြည်တွင်း EV စက်ရုံတည်ထောင်မည့် အစိုးရ၏မူဝါဒကြေညာခဲ့ပြီးနောက် တရုတ် EV ထုတ်လုပ်သူများလည်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံကို ဒေသတွင်း EV အချက်အခြာဖြစ်စေလိုပြီး ၂၀၃၀ ခုနှစ်တွင် EV ကားများကို ပြည် တွင်းထုတ် မော်တော်ယာဉ် ၅၀ ရာခိုင်နှုန်းဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း နိုင်ငံအဆင့် EV မူဝါဒကော်မတီက ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ပြောကြားခဲ့ပါသည်။     

 

    

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand