China (HongKong)

ဗြိတိန်နှင့် ပြင်သစ်လုပ်ငန်းများ ဟောင်ကောင်ဒေသကို မျက်စေ့ကျ

Last Updated:

ဟောင်ကောင်ဒေသ၌ အခြေပြုပြီး တရုတ်ပြည်မနှင့် ကျန်အာရှနိုင်ငံများသို့ လုပ်ငန်းချဲ့ထွင်ရန်နှင့် green technology ဘဏ္ဍာရေး၊ ဆန်းသစ်တီထွင်မှု လုပ်ငန်းများနှင့် ယဉ်ကျေးမှုနှင့်အနုပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်သည်ဟု ဗြိတိန်နှင့် ပြင်သစ်လုပ်ငန်းများက ပြောကြားခဲ့သည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး Paul Chan Mo-po က ၎င်း၏ Blog တွင်ပြောကြားခဲ့ကြောင်း South China Morning Post သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် “British, French businesses eyeing Hong Kong as launch pad for expansion into mainland China and rest of Asia, city’s Paul Chan says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီး၏ စီးပွားရေးလုပ်ငန်းရှင် ၁၃၀ ခန့်ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဥရောပဒေသသို့ ၁၀ ရက်ကြာ သွားရောက်မည့်ခရီးစဉ် ဒုတိယနိုင်ငံအဖြစ် ဗြိတိန်ခရီးစဉ် အဆုံးသတ်ပြီးနောက် ဂျာမနီနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်တွင်ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ ပြင်သစ်နိုင်ငံသို့ အလုပ်သဘောသွားရောက်သည့် အများဆုံးကိုယ်စားလှယ်အဖွဲ့ဖြစ်ပါသည်။

ဟောင်ကောင်ဒေသသည် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းများ တည်ထောင်လုပ်ကိုင်ရန် အကျွမ်းတဝင်ရှိခြင်း၊ ယုံကြည်မှုရရှိပြီး နှစ်ခြိုက်သဘောကျသည့် ဒေသဖြစ် ကြောင်း၊ ဒေသ၌ common law စနစ်ကျင့်သုံးခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် အဆင်ပြေစေသည့် ပတ်ဝန်းကျင်၊ ရိုးရှင်းသည့် အခွန်စနစ်နှင့် အခွန်ကောက်ခံမှုနည်းပါးခြင်းနှင့် နိုင်ငံတကာနှင့်လိုက်လျောညီထွေရှိသည့် စည်းမျဉ်းစည်းကမ်းမူဘောင်တို့ရှိကြောင်း ဟောင်ကောင်ဒေသ၏ အားသာချက်များကို Chan က Blog တွင် ရေးသားထားခဲ့ပါသည်။

ဟောင်ကောင်ဒေသသည် အာရှဒေသနှင့် ကမ္ဘာတစ်လွှားသို့ ချိတ်ဆက်နိုင်သည့် နေရာတစ်ခုနှင့် တံခါးပေါက်အဖြစ် ရပ်တည်နေသောကြောင့် ဗြိတိန်နှင့် ပြင်သစ်လုပ်ငန်းများအနေဖြင့် ၎င်းတို့လုပ်ငန်းများကို ဟောင်ကောင်ဒေသတွင် လာရောက်တိုးချဲ့ရန် တိုက်တွန်းလိုကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဟောင်ကောင်ဒေသ၌ ဗြိတိန်လုပ်ငန်း ၆၅၀ နှင့် ပြင်သစ်လုပ်ငန်းပေါင်း ၃၆၀ လာရောက်လုပ်ကိုင်လျက်ရှိပြီး၊ ၂၀၂၁ ခုနှစ် စာရင်းဇယားများအရ အဆိုပါနှစ်နိုင်ငံ၏ ဟောင်ကောင်ဒေသ၌ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ကမ္ဘာ့အကြီးစား ဆေးကုမ္ပဏီဖြစ်သည့် AstraZeneca ကုမ္ပဏီသည် ဟောင်ကောင်ဒေသ၌ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခု လာရောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်သိပ္ပံနှင့် နည်းပညာဥယျာဉ်များ အများပိုင်ကုမ္ပဏီနှင့်လည်း သဘောတူညီချက်နှစ်စောင် လက်မှတ်ရေးထိုးခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီးသည် ဥရောပကုန်သွယ်မှုခရီးစဉ်၏ ပထမဆုံးနိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ ၃ ရက်ကြာ သွားရောက်ခဲ့ပြီး ဒေသခံအစိုးရတာဝန်ရှိသူများ၊ အသက်ရှင်ရပ်တည်မှုနှင့် ကျန်းမာရေးဆိုင်ရာနည်းပညာ၊ ယဉ်ကျေးမှုနှင့် တီထွင်မှုကဲ့သို့သော ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့ပါသည်။ ထို့နောက် ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်းနှင့် ထို့နောက် ဘဏ္ဍာရေးလုပ်ငန်းအတွက် အရေးပါသည့်မြို့ဖြစ်သော Frankfurt မြို့သို့ သွားရောက်ကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း၊ လုပ်ငန်းများသို့ သွားရောက်လည်ပတ်ခြင်းများ ပြုလုပ်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၌ အမျိုးသားလုံခြုံရေးဥပဒေ ချမှတ်ကျင့်သုံးမှုကြောင့် ဟောင်ကောင်ဒေသနှင့် ဗြိတိန်နိုင်ငံတို့အကြား နိုင်ငံရေးအရ တင်းမာမှုများဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ၁၀ ရက်ကြာ ဥရောပခရီးစဉ်သွားရောက်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

 (စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)