Singapore

ဩစတြေးလျနိုင်ငံမှ လျှပ်စစ် ၁.၇၅ ဂစ်ဂါဝပ် တင်သွင်းရန်အတွက် စင်ကာပူနိုင်ငံ၊ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က ခွင့်ပြု

Last Updated:

စင်ကာပူနိုင်ငံ၊ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့ (The Energy Market Authority – EMA) က ဩစတြေးလျနိုင်ငံမှ ကာဗွန်နည်းလျှပ်စစ်ဓာတ်အား ၁.၇၅ ဂစ်ဂါဝပ် တင်သွင်းရန် Sun Cable (Singapore) Assets Pte Ltd ကို Conditional Approval ပေးခဲ့ပါသည်။ တင်သွင်း မည့် လျှပ်စစ်ဓာတ်အားသည် ဩစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသမှ နေရောင်ခြည် စွမ်းအင် ကို အသုံးချ၍ ရရှိလာမည့် လျှပ်စစ်ဓာတ်အားဟု မျှော်မှန်းရပြီး စင်ကာပူနိုင်ငံသို့ အကွာအဝေး အားဖြင့် ကီလိုမီတာ ၄၂၀၀ နီးပါးရှည်သည့် ပင်လယ်ရေအောက် ကေဘယ်ကြိုးအသစ်များမှ တစ်ဆင့် ပေးပို့မည်ဖြစ်ပါသည်။

Sun Cable ကို ထုတ်ပေးသည့် Conditional Approval သည် အဆိုပြုချက်အပေါ် အခြေခံ၍ စီမံကိန်းကို နည်းပညာနှင့်စီးပွားရေးအရ အလားအလာရှိနိုင်သည်ဟု အသိအမှတ်ပြုထားခြင်း ဖြစ်ပါသည်။ Conditional Approval သည် Sun Cable ကို စီမံကိန်းစီးပွားဖြစ်စတင်မည့် အဆိုပြုနှစ်ဖြစ်သည့် ၂၀၃၅ ခုနှစ်တွင် လုပ်ငန်းစတင်နိုင်ရန်အတွက် ဆက်လက်ထောက်ပံ့မှု များ ပြုလုပ်သွားမည်ဖြစ်ပါသည်။

စီမံကိန်းကို Conditional Licence ထုတ်ပေးရန် စဉ်းစားမှုမပြုမီ Sun Cable အနေဖြင့် EMA ၏ သတ်မှတ်ချက်များကို ပြည့်မီစေရေး ၎င်း၏ အဆိုပြုလွှာကို ထပ်မံအဆင့်မြှင့်ရန် လိုအပ် မည်ဖြစ်ပါသည်။ EMA ၏ သတ်မှတ်ချက်များတွင် နည်းပညာပိုင်းဆိုင်ရာပြည့်မီရန် လိုအပ် သည်ဟု သတ်မှတ်ထားချက်များ၊ သုံးစွဲသူများ လက်ခံနိုင်မည့် စီးပွားရေးအရ အကျိုးရှိစေမည့် ဈေးနှုန်းစသည်တို့ ပါဝင်ပါသည်။ Sun Cable သည် ကေဘယ်ဖြတ်သန်းမည့် နိုင်ငံများ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက်များ ရရှိထားရန်လိုအပ်မည်ဖြစ်ပါ သည်။

ကာဗွန်နည်း လျှပ်စစ်ဓာတ်အားတင်သွင်းခြင်းသည် စင်ကာပူနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ကာဗွန်လျှော့ချရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ EMA အနေဖြင့် ၂၀၃၅ ခုနှစ် တွင် ကာဗွန်နည်းလျှပ်စစ်ဓာတ်အား ၆ ဂစ်ဂါဝပ် တင်သွင်းရန် စူးစမ်းရှာဖွေမှုများ ပြုလုပ် လျက်ရှိပါသည်။

လက်ရှိအချိန်အထိ EMA က အင်ဒိုနီးရှားနိုင်ငံမှ လျှပ်စစ်ဓာတ်အား ၂ ဂစ်ဂါဝပ် တင်သွင်းရန် Conditional Licence ပေးထားပြီး ကမ္ဘောဒီးယားနိုင်ငံမှ ၁ ဂစ်ဂါဝပ်၊ ဗီယက်နမ်နိုင်ငံမှ ၁.၂ ဂစ်ဂါဝပ်၊ အင်ဒိုနီးရှားနိုင်ငံမှ ၁.၄ ဂစ်ဂါဝပ် အသီးသီးတင်သွင်းရန် Conditional Approval များ ပေးထားပြီးဖြစ်ပါသည်။ အဆိုပါစီမံကိန်းများသည် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ရေအားတို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်တင်သွင်းခြင်းဖြစ်ပြီး ASEAN Power Grid ကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

EMA အနေဖြင့် စင်ကာပူနိုင်ငံ၏ ၂၀၅၀ ပြည့်နှစ် ကာဗွန်ထုတ်လွှတ်မှု သုညရည်မှန်းချက် ပြည့်မီစေရေးအတွက် ယုံကြည်ရပြီး စီးပွားရေးအရ အလားအလာရှိသည့် အဆိုပြုချက်များ တင်သွင်းသော ကုမ္ပဏီများနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ EMA သည် ယုံကြည်စိတ်ချရပြီး စီးပွားရေးအရ အလားအလာရှိသည့် အဆိုပြုလွှာများအတွက် Conditional Approval များကိုလည်း ထုတ်ပေးသွားမည်ဖြစ်ပါသည်။ စွမ်းအင်ကဏ္ဍအတွက် ဟိုက်ဒရိုဂျင်၊ နေရောင်ခြည်စွမ်းအင်၊ geothermal စွမ်းအင်၊ နျူကလီးယားစွမ်းအင်၊ ကာဗွန်ထိန်းချုပ်မှုနှင့် ထိန်းသိမ်းထားမှုနည်းပညာများစသည်ဖြင့် ကာဗွန်လျှော့ချနိုင်မှု နည်းလမ်းများကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် ၎င်း၏ ၂၀၅၀ ပြည့်နှစ် ကာဗွန်ထုတ်လွှတ်မှု သုညရည်မှန်းချက်ကို ပြည့်မီ စေရေး ဆောင်ရွက်လျက်ရှိရာတွင် စွမ်းအင်ကဏ္ဍမှ ကာဗွန်နည်း လျှပ်စစ်ဓာတ်အားများ တင်သွင်းခြင်းကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါသည်။ နောင်လာမည့်နှစ်များတွင် ကာဗွန်နည်းလျှပ်စစ်ဓာတ်အားများကို ပိုမိုတင်သွင်းလာနိုင်သည့် အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ပိုမို အလေးပေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ရင်းမြစ်။        The Energy Market Authority – EMA

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore