Thailand

အိန္ဒိယမှ ဆန်ဖြူအပေါ်သတ်မှတ်သည့် Minimum Export Price အား လျှော့ချလိုက်ခြင်းကြောင့် ဆန်ဈေးနှုန်းများကျဆင်းလာဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သည့်ဆန်ဖြူအပေါ်သတ်မှတ်သည့်Minimum Export Price- MEP ကို လျှော့ချပေးလိုက်သည့်အတွက် ကမ္ဘာ့ဆန်ရောင်းချမှုပမာဏများ တိုးမြင့်လာနိုင်ပြီး ဆန်ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံတွင်း ဆန်ဈေးနှုန်းလည်း ကျဆင်းလာမည် ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ဘာစမာတီမဟုတ်သည့် ဆန်ဖြူအပေါ်သတ်မှတ်သည့် MEP အား လျှော့ချ သတ်မှတ်လိုက်ခြင်းသည် အခြားသော ဆန်တင်ပို့နေသည့် နိုင်ငံများအတွက် ဈေးကွက်တွင်း ပိုမိုယှဉ်ပြိုင်လာရနိုင်ကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းကိုလည်းလွှမ်းခြုံထားနိုင်သည့်အနေအထားဖြစ်သဖြင့်အခြား သော ဆန်တင်ပို့နေသည့် နိုင်ငံများ၏ ပို့ကုန်ဈေးနှုန်းများလည်း ကျဆင်းလာဖွယ်ရှိကြောင်း ဖော်ပြပါရှိပါသည်။ ထို့ပြင် အခြားသောဆန်တင်ပို့နေသည့်နိုင်ငံများထက် ဈေးနှုန်းပိုမိုလျော့နည်းနိုင်သဖြင့် ဆန်တင်သွင်းသည့်ဈေးနှုန်းများကိုလည်း ရိုက်ခတ်မှုများ ရှိနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလကအိန္ဒိယနိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ ဘာစမာတီမဟုတ်သည့်ဆန်ဖြူ ပြန်လည်တင်ပို့ခဲ့ပြီး MEP သတ်မှတ်ချက်မှာမက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀ ဖြစ်ပါကြောင်း၊ MEP မသတ်မှတ်မီကပင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သည့် ဆန်ဖြူဈေးနှုန်းသည် ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့ထက် သက်သာကြောင်း ဖော်ပြပါရှိပါသည်။ အိန္ဒိယနိုင်ငံမှ ကမ္ဘာ့ဈေးကွက် သို့ ဘာစမာတီမဟုတ်သည့် ဆန်အား ပြန်လည်တင်ပို့ရောင်းချသည့်အချိန်မှစ၍ ထိုင်းနိုင်ငံမှ ၎င်းတို့၏ Long grain white rice ၅ မှတ် ဆန်အမျိုးအစား ဈေးနှုန်းမှာ ၁၁% ထိ ကျဆင်းခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံဖြစ်သည့်အတွက် ဆန်တင်သွင်းရာတွင် အလားအလာရှိသော နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်း အစောပိုင်းကာလများကတည်းက ဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့ပါကြောင်း၊ ဗီယက်နမ်နှင့်ထိုင်းတို့ထက် ဈေးနှုန်းသက်သာနေခြင်းကြောင့် နောက်ထပ်ဆန်ရောင်းချသည့် ဈေးကွက် တိုးလာခြင်းနှင့် ဆန်တင်သွင်းရာတွင် နေရာ အသီးသီးမှ ဖြန့်၍တင်သွင်းနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

 ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ အိန္ဒိယနိုင်ငံမှ ဘာစ မာတီမဟုတ်သည့် ဆန်ဖြူတင်ပို့ခြင်းကို အရှေ့အာရှနိုင်ငံများသို့ ပြန်လည်ခွင့်ပြုလိုက်သည့်ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ အိန္ဒိယနိုင်ငံမှ ဆန်တင်သွင်းမှုမှာ ၂၂,၀၃၉ မက်ထရစ်တန် ရှိထားပြီ ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ၁၇-၁၀-၂၀၂၄ ရက်စွဲပါ ထုတ်ပြန်ချက်အရ ဆန်တင်သွင်း ရောက်ရှိမှုမှာ ဗီယက်နမ်နိုင်ငံမှ မက်ထရစ်တန်ချိန် ၂.၈ သန်း၊ ထိုင်းနိုင်ငံမှ ၄၄၈,၉၆၃ မက်ထရစ်တန်၊ မြန်မာနိုင်ငံမှ ၁၀၇,၁၈၄ မက်ထရစ်တန်၊ အိန္ဒိယနိုင်ငံမှ ၂၂,၀၃၉ မက်ထရစ်တန်၊ တရုတ်နိုင်ငံမှ ၅,၇၂၀ မက်ထရစ်တန်၊ ဂျပန်နိုင်ငံမှ ၂,၃၈၆ မက်ထရစ်တန်၊ ကမ္ဘောဒီးယားနိုင်ငံမှ ၁,၆၂၀ မက်ထရစ်တန်၊ အီတလီနိုင်ငံမှ ၁၄ မက်ထရစ်တန်နှင့် စပိန်နိုင်ငံမှ ၁.၉၂ မက်ထရစ်တန်တို့ ဖြစ်ပါသည်။

လတ်တလောတွင် အစိုးရမှဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့်အကောက်ခွန်နှုန်းထားအား အမိန့်ကြော်ငြာစာအမှတ် ၆၂ ဖြင့် လျှော့ချပေးထားပြီး ၇-၇-၂၀၂၄ ရက်နေ့တွင် အမိန့်အာဏာ သက်ရောက်စေမည် ဖြစ်သော်လည်း လက်လီဈေးကွက်ရှိ ဆန်ဈေးနှုန်းများအား နှိုင်းယှဉ်မည်ဆိုပါက ပြည်တွင်းဆန်ဈေးနှုန်းမှာပြည်ပမှတင်သွင်းသည့် ဆန်ဈေးနှုန်းထက် လျော့နည်းနေသေးသည့်အတွက် ပြည်တွင်းဆန်တောင်သူအုပ်စုမှ အဆိုပါအမိန့်ကြော်ငြာစာသည် ဆန်တင်သွင်းသူများနှင့် ဆန်ကုန်သည် များအတွက်သာ အကျိုးဖြစ်ထွန်းစေပြီး ဆန်ဈေးနှုန်းကျဆင်းစေရန် သက်ရောက်မှုမရှိကြောင်း ဝေဖန်ထောက်ပြပြောဆိုမှုများ  ရှိနေကြောင်း လေ့လာတင်ပြအပ်ပါသည်။

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Thailand