Thailand

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က အစိုးရ၏ မူဝါဒအသစ်များထုတ်ပြန်မည့်အချိန်ကို ထုတ်ဖော်ပြောကြား

Last Updated:

ချေးငွေပြဿနာများအပါအဝင် စိုက်ပျိုးရေး၊ စက်မှုနှင့်သက်ဆိုင်သော စီးပွားရေးကိစ္စရပ်များအတွက် အစီအစဉ်ချမှတ်ထားပါကြောင်း၊ ထိုင်းနိုင်ငံစီးပွားရေးသည် အကျပ်အတည်း အခြေအနေတွင်ရှိနေခြင်း ဟုတ်မဟုတ်သည် ဝန်ကြီးချုပ်နှင့် ထိုင်းဘဏ်၏ ဥက္ကဋ္ဌတို့အချင်းချင်း ပုဂ္ဂိုလ်ရေးအရ စကားရည်လုရမည့်အပိုင်းဖြစ်ကြောင်း The Standard Economic Forum ၏ မိန့်ခွန်းတွင် “Future Ready Thailand” ခေါင်းစဉ်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

လက်ရှိ နိုင်ငံစီးပွားရေး နှေးကွေးနေသည်ကို ထိုင်းနိုင်ငံသားအများစုက လက်ခံကြပါကြောင်း၊ အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားခနှင့် ဒီဇယ်ဈေးနှုန်းများ လျှော့ချရေး၊ လယ်ယာကြွေးမြီများ ဆိုင်းငံ့ထားရေးနှင့် တရုတ်နှင့် ကာဇက်စတန်မှ ဧည့်သည်များအတွက် ဗီဇာကင်းလွတ်ရေး အစီအစဉ်များ အပါအဝင် လူနေမှုစရိတ်များ ဖြေလျှော့ရန် စီမံချက်များစွာ ထုတ်ပြန်ထားပါကြောင်း၊ အိမ်ထောင်စု ကြွေးမြီမြင့်တက်လာခြင်းသည် စီးပွားရေးပြဿနာဖြစ်ပါကြောင်း၊ မှောင်ခိုဈေးကွက် ကြွေးမြီနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အစီအစဉ်တစ်ခုကို ကြေညာသွားမည်ဖြစ်ကြောင်း၊ တရားဝင်ချေးငွေနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် အလွတ်သဘော ကြွေးမြီများသည် ကာလကြာရှည်စွာ ကပ်ငြိနေသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဆိုးရွားလာခဲ့ပါကြောင်း၊ ယင်းချေးငွေ၏ အတိုးနှုန်းသည် ဥပဒေတွင် ပြဌာန်းထားသည့်နှုန်းထက် မြင့်မားပါကြောင်း၊ ကြွေးမြီများကြောင့် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေခဲ့ပြီး လူမှုရေးနှင့် စီးပွားရေးများတွင်ပါ အကျိုးဆက်များဖြစ်စေကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားပါသည်။

၄နှစ်အတွင်း တောင်သူလယ်သမား၏ဝင်ငွေ ၃ ဆတိုးမြှင့်စေရေးအတွက်မူဝါဒကို၂၀၂၄ ဖေဖော်ဝါရီ လလယ်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ယင်းမူဝါဒတွင် ရေပြဿနာနှင့်ရေလွှမ်းမိုးမှုနှင့် မိုးခေါင်မှုနှင့် စပ်လျဉ်းသည့် အစီအစဉ်များ ပါဝင်ပါကြောင်း၊ လယ်ယာထွက်ကုန်များအတွက် ဈေးကွက်သစ်များရှာဖွေခြင်း၊တန်ဖိုးကွင်းဆက်စီမံခန့်ခွဲခြင်းနှင့် ပြည်တွင်းထုတ် လယ်ယာထွက်ကုန်များနှင့်ဈေးနှုန်းကိုအနှောင့်အယှက်ဖြစ်စေမည့် ဝက်သား၊ အမဲသားနှင့် ရာဘာစသည့် အမယ်များတရားမဝင်တင်သွင်းခြင်းကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဆောင်ရွက်သွားမည့် အစီအစဉ်မူကြမ်းကို မျှဝေခဲ့ပါသည်။

ရေစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ရေလွှမ်းမိုးမှုနှင့် မိုးခေါင်မှုတို့တွင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုသည် အရေးတကြီး လိုအပ်ပါကြောင်း၊ မိုးရေ၏ ၃ ပုံ ၁ ပုံကို သုံးစွဲရန်၊ ဂေဟစနစ် ဝန်ဆောင်မှုနှင့် ထိန်းသိမ်းမှု၊ စိုက်ပျိုးရေးနှင့် စက်မှုတွင် အသုံးပြုရန် သိုလှောင်နိုင်ပါကြောင်း၊ကမ္ဘာ့ထောက်ပံ့ကွင်းဆက်တွင် ထိုင်းနိုင်ငံကို သတင်းအချက်အလက်နည်းပညာနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုအခြေစိုက်ဖြစ်စေရန် အခွင့်အလမ်းကောင်းများရှိပါကြောင်း၊ ရေသည်မိုက်ခရို Chip ဆေးကြောသန့်စင်ရာတွင် အရေးပါပါကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရနှင့် စပါးဦးစီးဌာနတို့ ပူးပေါင်း၍ ဆန်အမယ်သစ်များဖော်ထုတ်ခြင်းဖြင့် ဈေးကွက်လိုလားချက်နှင့် ကိုက်ညီရန်နှင့် ပို့ကုန်ယှဉ်ပြိုင်မှုမြင့်တက်စေရန် ဆောင်ရွက်၍ လယ်သမားများ၏ ဝင်ငွေတိုးမြှင့်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ကွင်းများမှ ၁ ဧကလျှင် စပါး ၄၀၀ ကီလိုဂရမ်သာ ထွက်ရှိပါကြောင်း၊ တရုတ်နိုင်ငံတွင် ၁,၂၀၀ ကီလီုဂရမ်နှင့် ဗီယက်နမ်တွင် ၇၀၀-၈၀၀ ကီလိုဂရမ်ထွက်ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ဆန်သုတေသနအတွက် ဘတ် ၁ ဘီလီ ယံလျာထားချိန်တွင် ထိုင်းနိုင်ငံသည် ဘတ် ၃၀၀ သန်းသာ လျာထားပါကြောင်း ထောက်ပြပါသည်။

ထိုင်းနိုင်ငံသည် စားသုံးရန်နှင့် စက်ရုံသုံးရန်အတွက် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်သင့်ပါကြောင်း၊ Non- Genetically Modified Organism ကိုသာ နိုင်ငံတွင်းတွင် စိုက်ပျိုးခွင့်ပြုထားပြီး ပဲပုပ် ၁ ရာခိုင်နှုန်းသာ ပြည်တွင်း၌ သုံးစွဲပါကြောင်း၊ Genetically Modified Organism (GMO) ပဲပုပ်များကို တင်သွင်းပါကြောင်း၊ GMO ပဲပုပ်များ စိုက်ပျိုးနိုင်ရန် GMO ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချခြင်းနှင့် သက်ဆိုင်သည့် ညွှန်ကြားချက် အမှတ် ၄၃၁ ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သဘာဝရာဘာ စိုက်ပျိုးမှုသည်လည်း မလေးရှားတွင် စိုက်ပျိုးသည့် ဧကထက်နည်းပါကြောင်း၊ ရာဘာစိုက်ပျိုးခြင်းအတွက်မြေဩဇာသုံးခြင်းဖြင့် မြေဆီဩဇာကို မြှင့်တင်ရန်လိုအပ်ကြောင်း သုံးသပ်ပြောကြားပါသည်။

ကြားခံများ၏ပါဝင်မှုကို လျှော့ချ၍ တောင်သူများ၏ ဝင်ငွေပိုမိုရရှိစေရေးအတွက် လယ်ယာထွက်ကုန်များထုတ်လုပ်မှုနှင့် ဖြန်ချိမှုဆိုင်ရာ နည်းပညာမြှင့်တင်ပေးမည့် ဆွေးနွေးပွဲကြီးတစ်ခုကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလယ်တွင် ကျင်းပရန် အစိုးရအနေဖြင့် လျာထားပါကြောင်း၊ နိုင်ငံခြားရေးမူဝါဒသို့ ချဉ်းကပ်မှုပုံစံသစ်ကို ထုတ်ဖော်ပြသခဲ့ပါကြောင်း၊ ပြည်ပနိုင်ငံများရှိ ထိုင်းကိုယ်စားလှယ်များအနေဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန် ပြောကြားလိုကြောင်း ဝန်ကြီးချုပ် Srettha က ပြောကြားခဲ့သည်။

 

Source: www.bangkokpost. gov၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand