Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဈေးနှုန်းလျှော့ချရေးလှုပ်ရှားမှု ဆောင်ရွက်သွားမည်

Last Updated:

ထိုင်းနိုင်ငံ၌ နေထိုင်မှုကုန်ကျစရိတ်လျှော့ချရန် ဈေးနှုန်းလျှော့ချရေးလှုပ်ရှားမှုကို ဘတ် ၃၀ ဘီလီယံ ကုန်ကျခံ၍ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Phumtham Wechayachai က ကတိပြုပြောကြားခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) နှင့် လိုက်လျောညီထွေမှုရှိစေရန် e-commerce ကုန်သွယ်ရေးကို အရှိန်မြှင့်တင်ခြင်းနှင့် အစားအစာများကို သင့်တင့်သောဈေး နှုန်းဖြင့် ‌ရောင်းချသည့် Thong Fah (အလံပြာ-Blue Flag) ပုံစံကို မြှင့်တင်ခြင်းဖြင့် ပြည်သူများထံသို့ ကုန်ပစ္စည်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရန် ကွန်ယက်ကို ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ ဘန်ဆူး (Bang Sue) ဘူတာရုံအား ထိုင်းထုတ်ကုန်ပြသသည့် စင်တာအဖြစ် အသုံးပြုရန် ထိုင်းနိုင်ငံရထားပို့ဆောင်ရေးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ သည်။

ထိုင်းနိုင်ငံစာတိုက်လုပ်ငန်းနှင့် ညှိနှိုင်းထားမှုအရ ထိုင်းနိုင်ငံ စာတိုက်ကွန်ယက်မှတစ်ဆင့် ကုန်စည်များ ပို့ဆောင်ခြင်းနှင့် လက်ခံခြင်းတို့ ဆောင်ရွက်မည့် အလံပြာ (Blue Flag) ဝန်ဆောင်မှုဆိုင်များကို  နိုင်ငံအဝှမ်း နေရာ ၂၀,၀၀၀ တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထပ်တိုးအစီအစဉ်များတွင် ပြည်ပတွင် ထိုင်းထုတ်ကုန်များ ဖြန့်ချိရေးစင်တာများ တည်ထောင်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ဘဏ္ဍာရေးထောက်ပံ့မှု မရရှိခဲ့ပါက ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း အရေးကြီးမူဝါဒ ၇ ခု အပေါ် မိမိပုံမှန်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၉၉ ရက်အတွင်း ကွာဟချက်များကို လျှော့ချရန်၊ ကွန်ယက်ချဲ့ထွင်ရေးတည်ဆောက်ရန်နှင့် ရေရှည်တည်တံ့မှုကိုခိုင်မာရန် စသည့် အဆင့် ၃ ဆင့် ဦးတည်ထား၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့သည်။

ပထမ အဆင့်တွင် စားသုံးသူများအတွက် နေထိုင်ရေးကုန်ကျစရိတ်လျှော့ချရန် တောင်သူများအား စိုက်ပျိုးရေးသီးနှံဈေးနှုန်းများ ထောက်ပံ့ရန်နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ကုန်ကြမ်းပစ္စည်းများ တိုးမြှင့်ရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေထိုင်မှုကုန်ကျစရိတ်အတွက် ဘတ် ၇.၇၅ ဘီလီယံ ကျော် လျှော့ချရန် ကုန်ပစ္စည်းဖြန့်ချိရေးစင်တာများ တည်ထောင်သွားမည်ဖြစ်ကြောင်း၊ တောင်သူများကို ၁ ဧက လျှင် ဘတ် ၁,၀၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု တန်ဖိုး ၂၀.၈ ဘီလီယံ ရရှိရန် လုပ်ငန်းစဉ် ၇၇ ခုမှ ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရှာဖွေသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒုတိယအဆင့်သည် တောင်သူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ပိုမိုခိုင်မာစေရေးအတွက် ခရိုင်အဆင့် စီးပွားရေး ယန္တရားတစ်ခုကို စီးပွားရေးသံမှူးများနှင့် အစိုးရအဖွဲ့ပူးပေါင်း၍ တည်ထောင်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်နေရာတည်းတွင် အလုံးစုံ ဝန်ဆောင်မှုပေးနိုင်သော နယ်စပ်ကုန်သွယ်ရေးစင်တာများကို ခရိုင် ၈ ခုတွင် တည်ထောင်သွားမည် ဖြစ်ကြောင်း၊ FTA များမှတစ်ဆင့် ပြည်ပကုန်သွယ်ရေးကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ သီရိလင်္ကာ၊ ဘူတန်နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီတို့နှင့် FTA အသစ်များအတွက် အရှိန်မြှင့်တင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းအစားအစာများ၊ ရုပ်ရှင်များ၊ အဆင့်မြင့်ခရီးသွားလုပ်ငန်း၊ စာအုပ်များ၊ ဖက်ရှင်၊ ဒီဇိုင်းနှင့် ထိုင်းထုတ်ကုန်နှင့် ဝန်ဆောင်မှုများ မြှင့်တင်ခြင်းအပါအဝင် Soft Power ကို အသုံးပြု၍ အလုပ်အကိုင်နှင့် ကုန်သွယ်မှုအခွင့်အလမ်းများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးထုတ်ကုန်ဈေးနှုန်းများ ထိန်းသိမ်းသည့် နည်းလမ်းများကို ပြန်လည်အားဖြည့်ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ စံနှုန်းများမြှင့်တင်ခြင်း၊ လုပ်ငန်းအသစ်များအတွက် အောင်မြင်သောစီးပွားရေးပုံစံများကို မြှင့်တင်ပေးခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာစွမ်းရည်များ မြှင့်တင်ပေးခြင်းတို့ အပါအဝင် နိုင်ငံ၏စီးပွားရေးကို ခိုင်မာစေရေး ဦးတည်ဆောင်ရွက်ခြင်းသည် တတိယအဆင့်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လုပ်ငန်းစဉ် ၄၁၇ ခုကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပို့ကုန်တန်ဖိုးကို ဘတ် ၆၅.၇ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ဝန်ကြီး Mr. Phumtham က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ်အရေးပါသော Soft Power ကို အသုံးပြု၍ ကုန်သွယ်မှုအခွင့်အလမ်းများ ဖန်တီးပေးရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အစားအစာများတွင်လည်း ထူးခြားသော အရသာ၊ ကွဲပြားသော အသွင်အပြင်ရှိသဖြင့် Soft Power အဖြစ် အသုံးပြုနိုင်ကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost.gov၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand