China(Nanning)

Belt and Road Initiative ကြောင့် ပြည်ပမှတင်သွင်းလာသော ဒူးရင်းသီးများကို တရုတ်နိုင်ငံ၌ စျေးသက်သာစွာဖြင့် ဝယ်ယူစားသုံးလာနိုင်

Last Updated:

အရှေ့တောင်အာရှတွင် "အသီးအနှံများ၏ဘုရင်" ဟု လူသိများသောဒူးရင်းသီးသည် ၎င်း၏နူးညံ့မှုနှင့် ထူးခြားသောအရသာကြောင့် တရုတ်စားသုံးသူများအကြား ရေပန်းစားလာခဲ့သော်လည်း စျေးနှုန်းမြင့်မားမှုသည် စားသုံးသူများကို စဉ်းစားစရာဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

သို့သော် ယခုအခါ အရှေ့တောင်အာရှနိုင်ငံများတွင် ဒူးရင်းသီးထွက်ရှိသည့်ရာသီချိန် ဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် Belt and Road Initiative လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများအကြား နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများကို လွယ်ကူချောမွေ့စေသည့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဒူးရင်းသီးဈေးကျဆင်းလာသဖြင့် ဒူးရင်းသီးကြိုက်နှစ်သက်သူများအတွက် ပျော်ရွှင်စရာဖြစ်လာကြောင်း သိရှိရပါသည်။

အဆိုပါ နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများသည် ကုန်သွယ်မှုကို သိသိသာသာ မြှင့်တင်ပေးပြီး အရှေ့တောင်အာရှရှိ ဒူးရင်းသီးထွက်ရှိသော နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများအကြား သယ်ယူပို့ဆောင်ချိန်ကို လျှော့ချပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ၊ အနောက်ပိုင်းပြည်နယ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ချုံချင့်မြို့ကို သယ်ယူပို့ဆောင်ရေး ဗဟိုအဖြစ်ထားရှိ၍ နိုင်ငံတကာ ကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံ (New International Land-Sea Trade Corridor) ကို ပူးတွဲဖွင့်လှစ်ခဲ့ကြပြီး အဆိုပါစင်္ကြံသည် Belt and Road Initiative အောက်ရှိ အဓိကအစီအစဉ်များထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ကုန်သွယ်ရေးစင်္ကြံမစတင်မီ အရှေ့တောင်အာရှနိုင်ငံများမှ ဒူးရင်းသီးများကို တရုတ်နိုင်ငံ အရှေ့ပိုင်းမြို့များသို့ ပင်လယ်ရေကြောင်းဖြင့် ဦးစွာတင်ပို့ပြီးမှသာ အနောက်ပိုင်းဒေသများသို့ ဆက်လက်ပို့ဆောင်ရသဖြင့် သယ်ယူပို့ဆောင်ချိန်ကြာမြင့်မှုနှင့် စရိတ်စကကြီးမြင့်မှုတို့ကြောင့် တရုတ်နိုင်ငံ အနောက်ပိုင်းဈေးကွက်သို့ ဝင်ရောက်ရန်ခက်ခဲခဲ့ပြီး အဆိုပါဒေသရှိ စာသုံးသူများအနေဖြင့်လည်း ဒူးရင်းသီးဈေးနှုန်းကြီးမြင့်မှုကို ကြုံတွေ့ခဲ့ရကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန် (၁၁) ရက်နေ့တွင် ထိုင်းဒူးရင်းသီး တန်ချိန် (၅၀၀) ခန့် တင်ဆောင်လာသော နယ်စပ်ဖြတ်ကျော် ရထားတစ်စီးသည် နိုင်ငံတကာ ကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံမှတစ်ဆင့် ပထမဆုံးအကြိမ်အဖြစ် ချုံချင့်မြို့သို့ တိုက်ရိုက်ရောက်ရှိလာကြောင်း သိရှိရပါသည်။

ယခင်ရေကြောင်း၊ ကုန်းကြောင်းတို့မှ အဆင့်ဆင့်ပို့ဆောင်သည့် ကြာချိန် (၈) ရက်မှ (၁၀) ရက်နှင့် နှိုင်းယှဉ်ပါက ယခုခရီးစဉ်တစ်ခုလုံးသည် (၄) ရက်သာကြာမြင့်ခဲ့ကြောင်း ဒူးရင်းသီး တင်သွင်းသည့်ကုမ္ပဏီ Hongjiu Fruit ၏ chief operating officer ဖြစ်သူ Deng Haoji က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သစ်သီးတင်သွင်းသူများအတွက် အချိန်သည် တန်ဖိုးရှိကြောင်း၊ ယခုကဲ့သို့ ဒူးရင်းသီးကို ရထားဖြင့် တိုက်ရိုက်ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရာတွင် ဆုံးရှုံးမှုများကို လျှော့ချပေးပြီး နောက်ဆုံးတွင် စားသုံးသူများကို ပိုမိုအကျိုးရှိစေကြောင်း Deng က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ယခုကုန်သွယ်ရေး စင်္ကြံသစ်သည် တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့်ဒေသကြီး (၁၈) ခုရှိ မြို့ပေါင်း (၆၁) မြို့ကို လွှမ်းခြုံထားပြီး နိုင်ငံနှင့် ဒေသပေါင်း (၁၁၉) ခုရှိ ဆိပ်ကမ်း (၃၉၃) ခုအထိ တိုးချဲ့ထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ချုံချင့်မြို့သည် အဆိုပါစင်္ကြံမှတစ်ဆင့် ပေ (၂၀) ကွန်တိန်နာ (၅၁,၀၀၀) ကို ပို့ဆောင်ခဲ့ပြီး ယခင်နှစ်ထက် (၃၇) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ကုန်ပစ္စည်း တန်ဖိုးသည် ယွမ် (၇.၈၈) ဘီလီယံကျော်ရှိပြီး ယခင်နှစ်ထက် (၂၄) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါစင်္ကြံကြောင့် ထောက်ပံ့ပို့ဆောင်ရေးသည် အလွန်တိုးတက်လာပြီး တရုတ်နိုင်ငံ၏ ဈေးကွက်ဝယ်လိုအားသည်လည်း အရှိန်အဟုန်ဖြင့် ကြီးထွားလာသဖြင့် တရုတ်ဈေးကွက်သည် ၎င်းအတွက် အလွန်အရေးကြီးသည်ဟု Hongjiu Fruit သို့ ဒူးရင်းသီး အဓိကရောင်းချသည့် ထိုင်းနိုင်ငံမှ ဒူးရင်းခြံပိုင်ရှင် Pornlert Chanto က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဒူးရင်းသီးများအပြင် ထိုင်းနဂါးမောက်သီး၊ အင်ဒိုနီးရှားကော်ဖီ၊ လာအိုဘီယာနှင့် ဗီယက်နမ်ဘာဆာငါး (basa fish) ကဲ့သို့သော အရှေ့တောင်အာရှဒေသမှ အထူးထွက်ကုန်များသည်လည်း ကုန်သွယ်မှုစင်္ကြံမှတစ်ဆင့် တရုတ်ဈေးကွက်သို့ လျင်မြန်စွာ ဝင်ရောက်လာလျက်ရှိကြောင်း သိရှိရပါသည်။

 

Source:https://english.news.cn/20230628/a358eda1df1c4606b515d7bb608572c4/c.html

(စီးပွားရေးသံမှူး၊နန်နင်းမြို့)

Category: China(Nanning)