Thailand

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နှစ်သစ်လက်ဆောင်အဖြစ် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ဈေးနှုန်းလျှော့ချပေးသွားရန် စီစဉ်ဆောင်ရွက်

Last Updated:

ထုတ်လုပ်သူများ၊ လက်လီ၊ လက်ကားရောင်းဝယ်သူများနှင့် စတိုးဆိုင်များပါဝင်သော အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်း၍ နှစ်သစ်ကူးလက်ဆောင်အဖြစ် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ဈေးနှုန်းလျှော့ချပေးမည့် အစီအစဉ်ကြီးတစ်ခုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

ဈေးနှုန်းလျှော့ချသည့် အစီအစဉ်သည် ထိုင်းနိုင်ငံသားများအတွက် အစိုးရ၏ နေထိုင်မှုစရိတ် လျှော့ချလိုသည့် မူဝါဒနှင့် ကိုက်ညီပါကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကုန်စည်နှင့် ဝန်ဆောင်မှု ၁၅၁,၆၇၆ ခုအပေါ် ဈေးနှုန်းလျှော့ချသည့် အစီအစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအစီအစဉ်နှင့် ဆက်စပ်လျက် ယခုအစီအစဉ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်း ကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Sur-iam က ပြောကြားခဲ့သည်။

အစိုးရ၏ “Quick Win” မူဝါဒသည် ကုန်ကျစရိတ်လျှော့ချရန်၊ ဝင်ငွေတိုးပွားရန်နှင့် လုပ်ငန်းများ ချဲ့ထွင်ရန်ဖြစ်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှု ၁၅၀,၀၀၀ ၏ဈေးနှုန်းများကို ၈၇ ရာခိုင်နှုန်းထိ လျှော့ချပေးပြီး နေထိုင်မှုကုန်ကျစရိတ်ကို ဘတ် ၂-၃ ဘီလီယံထိ သက်သာစေခဲ့ကြောင်း၊ မူဝါဒသည်သုံးစွဲမှုကို လှုံ့ဆော်ပေးပြီး စီးပွားရေးကို တွန်းအားပေးပါကြောင်း ၎င်းကဆက်လက်ပြောကြားပါသည်။

ဈေးနှုန်းလျှော့ချမည့် အစီအစဉ်သစ်သည် အစားအသောက်နှင့် အဖျော်ယမကာ၊ အဓိကကုန်စည်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အားလုံးပါဝင်သည့် အစီအစဉ်ကြီး တစ်ခုဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ကုန်စည်အမျိုးအစား ၁၈ မျိုး၏ဈေးနှုန်းများကို စောင့်ကြည့်လျက်ရှိပြီး ၎င်းဈေးနှုန်းများသည် တည်ငြိမ်နေပါကြောင်း၊ အသင့်စား ခေါက်ဆွဲခြောက်များ၊ လတ်ဆတ်အစားအစာများ၊ စည်သွပ်ဗူးများ၊ ဆန်အိတ်၊ အရသာဆော့စ်များ၊ ဟင်းရွက်ဆီများ၊ အချိုရည်များ၊ နို့ထွက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ ဘိလပ်မြေ၊ ဆေးဝါးနှင့် ဆေးဘက်ပစ္စည်းများဖြစ်ကြောင်း၊ အချို့ကုန်စည်ဈေးနှုန်းများသည် ကျဆင်းသွားပါကြောင်း Mr. Wattanasak က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkokpost. gov

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand