USA

အမေရိကန်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ UPS က အလုပ်သမားလျှော့ချရန်ရှိ

Last Updated:

အမေရိကန်ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် UPS အနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းပို့ဆောင်မှု လုပ်ငန်းနှေးကွေးလာခြင်းကြောင့် အလုပ်သမားအရေအတွက် (၁၂,၀၀၀) ဦးခန့်လျှော့ချရန်ရှိ ကြောင်းကို Wall Street Journal သတင်းစာတွင် ၃၀-၁-၂၀၂၄ ရက်နေ့၌ “UPS to Cut 12,000 Jobs as Delivery Business Slows” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။  

အမေရိကန်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်သော United Parcel Service (UPS) ကုမ္ပဏီအနေဖြင့် ၂၀၂၄ ခုနှစ်တွင် အလုပ်သမားအရေအတွက် (၁၂,၀၀၀) ဦးခန့် လျှော့ချသွားရန်ရှိကြောင်း၊ ဤသို့လျှော့ချခြင်းကြောင့် ကုန်ပစ္စည်းပို့ဆောင်သည့်လုပ်ငန်းအနေဖြင့် အမေရိကန်ဒေါ်လာ (၁) ဘီလီယံအထိ ကုန်ကျမှုသက်သာနိုင်ကြောင်း၊ လျှော့ချမည့် အလုပ်သမားအများစုမှာ စီမံခန့်ခွဲရေး ရာထူးအဆင့်ရှိ အချိန်ပြည့်နှင့် အချိန်ပိုင်းအလုပ်သမားများ၊ စာချုပ်ဖြင့်ခန့်ထားသည့် ဝန်ထမ်းများနှင့် အမှုဆောင်ရာထူးအဆင့်ရှိ ဝန်ထမ်းများပါဝင်ကြောင်းနှင့် ကုန်ပစ္စည်းပို့ဆောင်မှုလုပ်ငန်း ပြန်လည် ကောင်းမွန်လာပါကလည်း ဤရာထူးနေရာများကို ထပ်မံခန့်အပ်သွားမည့် အခြေအနေမရှိကြောင်း၊ UPS အနေဖြင့် စီမံခန့်ခွဲမှုရာထူးအဆင့်တွင် ဝန်ထမ်းပေါင်း (၈၅,၀၀၀) ဦးရှိပါကြောင်း၊ ကုမ္ပဏီရှိ ဝန်ထမ်းဦးရေစုစုပေါင်းမှာ (၄၉၅,၀၀၀) ဦးရှိပြီး အများစုမှာ အမေရိကန်နိုင်ငံတွင်ရှိပြီး ကုန်ပစ္စည်းများ ပို့ဆောင်မှုကို ကိုင်တွယ်ဆောင်ရွက်သူများဖြစ်ကြပါကြောင်း၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်မှု တိုးတက်စေရန် ဉာဏ်ရည်တုနည်းပညာနှင့် အခြားနည်းပညာများကို အသုံးပြုလျက်ရှိသည်ဟု အမှု ဆောင်အရာရှိချုပ် Ms. Carol Tome က ပြောကြားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ စတုတ္ထလေးလပတ်အတွင်း ကုမ္ပဏီ၏ဝင်ငွေ လျော့ကျခဲ့ပြီးနောက်တွင် အလုပ်သမားလျှော့ချမှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကုမ္ပဏီ၏ဝင်ငွေသည် ပြည်တွင်းနှင့် ပြည်ပ နှစ်ခုစလုံးတွင် လျော့ကျခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ၏ ဝင်ငွေဒေါ်လာ (၉၂) ဘီလီယံမှ (၉၄.၅) ဘီလီယံ အကြားရှိမည်ဟု ခန့်မှန်းရပြီး ယင်းခန့်မှန်းချက်သည် မူလခန့်မှန်းချက်အောက်နိမ့်ကြောင်း၊ ၃၀-၁-၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် ကုမ္ပဏီ ၏ အစုရှယ်ယာဈေးနှုန်းမှာ (၈) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံအတွင်းရှိ ပါဆယ်ပစ္စည်းများ ပို့ဆောင်မှုကို ၂၀၂၄ ခုနှစ်တွင် (၁) ရာခိုင်နှုန်းအောက်သာ တိုးတက်မည်ဟု ကုမ္ပဏီအနေဖြင့် ခန့်မှန်းထားသော်လည်း လာမည့်နှစ်များအတွင်း (၃) ရာခိုင်နှုန်းအထိ တိုးတက်လာရန် ခန့်မှန်းထားပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်းတွင် ရုံးဝန်ထမ်းများအနေဖြင့် အိမ်မှနေ၍ အလုပ်လုပ်ကိုင်နိုင်သော်လည်း ပစ္စည်းပို့သည့် မော်တော်ယာဉ်မောင်းများနှင့် သိုလှောင်ရုံ အလုပ်သမားများမှာ လုပ်ငန်းခွင်တွင် အလုပ်လုပ်ခဲ့ကြရသဖြင့် ၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားသမဂ္ဂနှင့် အငြင်းပွားမှုများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ UPS ကုမ္ပဏီသည် အခြားကုမ္ပဏီများနည်းတူ ၎င်း၏ အလုပ်သမားများကို ရုံးဖွင့်ရက်များတွင် ရုံးသို့ လာရောက်အလုပ်လုပ်စေလိုကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း UPS အနေဖြင့် လုပ်ငန်းပြန်လည် ကောင်းမွန်လာနိုင်သည့် အခြေအနေမရှိကြောင်း၊ ဥရောပနိုင်ငံများ၏ ကုန်ထုတ်လုပ်မှုများ ကျဆင်းလာခဲ့သလို တရုတ်နိုင်ငံဖက်မှ အမေရိကန်နိုင်ငံသို့ ပါဆယ်ပစ္စည်း ပို့ဆောင်မှုမှာလည်း လျော့ကျနေဆဲဖြစ်ပါကြောင်း၊ UPS ၏အကြီးဆုံးဖောက်သည်ကုမ္ပဏီဖြစ်သည့် Amazon ကုမ္ပဏီမှ ရရှိသည့်ဝင်ငွေမှာ ၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီဝင်ငွေစုစုပေါင်း၏ (၁၁.၈) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့်ဝင်ငွေထက်များပြားခဲ့ပါကြောင်း၊ သို့ရာတွင် အခြားဖောက်သည်များထံမှ ရရှိသည့်ဝင်ငွေမှာ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA