China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးခဲ့

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Wentaoနှင့် တောင်ကိုရီးယားနိုင်ငံကုန်သွယ်ရေးဝန်ကြီး Mr. Ahn Duk-geun တို့သည် မေလ ၂၆ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံမှုသည်  နှစ်ရက်ကြာ ကျင်းပခဲ့သည့် 2023 APEC ကုန်သွယ်ရေးဝန်ကြီးများ ဆိုင်ရာအစည်းအဝေး၌ sidelines Meeting အဖြစ် တွေ့ဆုံခဲ့သည့် အစည်းအဝေးဖြစ်ပြီး နှစ်နိုင်ငံ ဝန်ကြီးများက စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်မှုထိန်းသိမ်းရေး၊ ဒေသတွင်းနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

တရုတ်-တောင်ကိုရီးယား စီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုမှာ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာကျသည့် လမ်းညွှန်မှုများအောက်၌ စဉ်ဆက်မပြတ်တိုးတက်စေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်သာမက တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုမြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများသည် တောင်ကိုရီးယားနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း Mr. Wang မှပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရန်၊ စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံအဆင့်မြှင့်တင်၍ တွန်းအားပေးဆောင်ရွက်ရန် အသင့်အနေအထားတွင်ရှိကြောင်း Mr. Wang မှထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး Mr. Ahn မှ ယခင်နှစ်များစွာကပင် တောင်ကိုရီးယား နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးသည် တိုးတက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအတွင်း ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများသည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တည် ငြိမ်ကောင်းမွန်စွာစီးဆင်းနိုင်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍ၌ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလေးနက်ခိုင်မာစေရေး ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမူဘောင်တွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ ချဲ့ထွင်ရန်လည်း ဆန္ဒရှိကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံအနေဖြင့် တပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်နယ်ပယ်အတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ သဘောတူညီမှုများပြုလုပ်ခဲ့ ကြောင်းလည်း သိရှိရပါသည်။

Source: China, South Korea pledge to deepen trade, economic cooperation (www.gov.cn)

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)